ထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ပရယုဒ်ချန်းအိုချာကို အယုံအကြည်မရှိတဲ့အကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချွန်းရနန့်ဆီကယောက်က ထိုင်းအမျိုးသားလွှတ်တော်ညီလာခံမှာ တင်သွင်းလိုက်ပါတယ်။
လက်ရှိအာဏာရအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့တကွ ကျန်းမာရေးဝန်ကြီး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ အလုပ်သမားဝန်ကြီးတို့အပါအဝင် ဝန်ကြီး ၁၁ ယောက်ကို အယုံအကြည်မရှိကြောင်း ထိုင်းလွှတ်တော်မှာ မနေ့ကစပြီး အတိုက်အခံပါတီတွေဘက်ကနေ အဆိုတင်သွင်းနေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ကို အယုံအကြည်မရှိအဆိုတင်သွင်းခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချွန်းရနန့်ဆီကယောက်က “ဝန်ကြီးချုပ်သည် နိုင်ငံတော်အစိုးရအဖွဲ့ကို စီမံအုပ်ချုပ်နိုင်စွမ်းမရှိ၊ အခြေခံဥပဒေကို ယိုယွင်းစေသည်၊ တိုင်းပြည်မှကြုံတွေ့ရသော ပြဿနာအရပ်ရပ်ကို မဖြေရှင်းနိုင်ဘဲ သမိုင်းတွင် အဆိုးရွားဆုံးလာဘ်စားမှုကို ဖြစ်ပေါ်စေသည်၊ မိမိဘက်တော်သားအကျိုးစီးပွားဘက်ကို ယိမ်းကာ တာဝန်ဝတ္တရားကို လစ်လျူရှုသည်၊ တိုင်းသိပြည်သိ ကြေညာထားသော အစိုးရပေါ်လစီအတိုင်းမဆောင်ရွက်ဘဲ နိုင်ငံရေးအမြင်မတူသူများကို နှိပ်ကွပ်သည်၊ လွှတ်တော်ထဲမှာ တပ်မတော်ဖွဲ့သည် ( စစ်တပ်တာဝန်ရှိ သူများအားလွှတ်တော်ထဲတွင် များစွာနေရာပေးထား)၊ ဒီမိုကရေစီစနစ် ပျက်စီးယိုယွင်းစေသည်” စသဖြင့် အဆိုတင်သွင်းပါတယ်။
ဒါ့အပြင် “ဝန်ကြီးချုပ်ပြောသွားတဲ့ စကားတွေမှာ အာဏာကို နောက်ထပ် ၂ နှစ်ဆက်ယူသွားချင်တဲ့ သဘောဆောင်တယ်၊ ဝန်ကြီးချုပ်ဟာ ဘဝင်မြင့်ရောဂါကို မကုစားဘူး၊ မိမိတိုင်းပြည်ထဲမှာ လွှတ်တော်ထဲမှာသာ ကြီးမားပြီး နိုင်ငံခြားတိုင်းပြည်တွေသွားရင် သေးသိမ်သွားတယ်၊ ထိုင်းနိုင်ငံကို သိမ်ငယ်စေတယ်၊ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ ပိုင်ရှင်ဟာ တိုင်းသူပြည်သူတွေဖြစ်တယ်၊ ဝန်ကြီးချုပ်ဟာ ပြည်သူ့အာဏာကို အထင်သေးတယ်၊ လွှတ်တော်ထဲမှာ လဲကျသွားရင် လူနာ တင်ကားနဲ့ ဆေးရုံကို ပို့လို့ရပေမယ့် ပြည်သူတွေရွေးကောက်မယ့် မဲဆန္ဒနယ်မြေရောက်ရင်တော့ သေသွားမှာပဲ၊ ပြည်သူကို ထပ်ပြီးဒုက္ခမပေးပါနဲ့တော့၊ ပြည်သူ့သွေးကို ဆက်မစုပ်ပါနဲ့တော့၊ ဝန်ကြီးချုပ် ထွက်သွားလို့ရပါပြီ” လို့ ပြောသွားပါတယ်။
ဝန်ကြီးချုပ်ကလည်း “အဆိုတင်သွင်းသူမှာအစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ၊ လုပ်ငန်းနဲ့အောင်မြင်မှုတွေကို လိုက်မကြည့်ဘဲ ခုလိုပြောတာဖြစ်ကြောင်း၊ သူတို့အစိုးရအဖွဲ့ဟာ တိုင်းပြည်ကို ဖျက်ဆီးဖို့၊ ပဋိပက္ခဖန်တီးဖို့ ရောက်လာတာမဟုတ်ကြောင်း၊ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ကာလအတွင်း နိုင်ငံတော် ရေရှည်၊ တည်တံ့၊ ခိုင်မြဲ ဆိုတဲ့ ဦးတည်ချက်ချမှတ်ပြီး ကောင်းမွန်သော နည်းစနစ်၊ ကောင်းမွန်သော အချက်အလက်၊ ကောင်းမွန်သော စိတ်ဓာတ်တွေနဲ့ ဆောင်ရွက်ခဲ့တယ်၊ နှစ် ၂၀ စီးပွါးရေးဖွံ့ဖြိုးမှုစီမံကိန်းချခဲ့တယ်၊ စက်မှုဇုန် ၁၂ ခုတည်ဆောက်ခဲ့တယ်၊ နောက်ထပ် ၂ နှစ်ဆက်နေချင်တယ်လို့ ပြောတာမဟုတ်ဘူး၊ သူတို့ဆောင်ရွက်ထားတဲ့ အသီးအပွင့်တွေ နောက် ၂ နှစ် ခံစားလို့ရမယ်လို့ဆိုလိုတာ၊ ကျနော့်ကို စိတ်မဆိုးဆိုးအောင် ပြောနေတာ ကျနော်သိတယ်၊ ကျနော့်ကိုယ်ကျနော်လည်း အဘက်ဘက်မှာ တော်တယ်တတ်တယ်၊ ကျွမ်းကျင်တယ်လို့မပြောပါဘူး၊ (အသက် ၆၀ ကျော်လူကြီးများ) လူကြီးတွေကိုတော့ လေးလေး စားစားဆက်ဆံပြောဆိုသင့်တယ်၊ လွှတ်တော်ထဲမှာ ယဉ်ကျေးတဲ့ စကားလုံးတွေကိုသုံးပါ၊ ခင်ဗျားတို့ဟာ အရင်လုပ်ခဲ့ဖူးတဲ့ လူဟောင်းတွေကို ပိုတော်တယ် ပိုတတ်တယ်ဆိုပြီး တမ်းတနေတာ၊ အဲဒီလူတွေက အခုဘယ်ရောက်နေမှန်းတောင် မသိဘူး၊ ရအောင်ပြန်ခေါ်ခဲ့ပေါ့” စသဖြင့် ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။
ဆေးခြောက်အား မူးယစ်ဆေးဝါးအဖြစ်ပယ်ချတဲ့ ကိစ္စနဲ့ပတ်သက်တဲ့ကိစ္စ အသားပေးကာ အတိုက်အခံပါတီလွှတ်တော်အမတ်တွေဟာ ကျန်းမာရေးဝန်ကြီး နိုင်းအနုထင်းချန်းဝိရကွန်းကို အယုံ အကြည်မရှိ အဆိုတင်သွင်းပါတယ်။
ဆေးခြောက်နဲ့ ပတ်သက်တဲ့ ဥပဒေ သေသေချာချာပြင်ဆင်ရေးဆွဲထားခြင်းမရှိဘဲ ကြေညာလိုက်တော့ နောက်ဆက်တွဲပြဿနာတွေ၊ နိုင်ငံတကာမူးယစ်ဆေးဝါးဥပဒေနဲ့ မညီညွတ်တာ၊ လူငယ်တွေကို ပျက်စီးစေတာတွေ တင်ပြပါတယ်။
နိုင်းအနုထင်းမှ ပါတီစည်းရုံးရေးဆင်းစဉ် ဆေးခြောက်ပင်စိုက်ပြီး စီးပွားဖြစ်နိုင်ကြောင်း ပြောဆိုတာဟာ ဆေးခြောက်ကို ဆေးဝါးအဖြစ်သုံးစွဲဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေကြောင်း ထောက်ပြခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးကလည်း စွပ်စွဲချက်တွေမမှန်ကန်ကြောင်း၊ ပါတီစည်းရုံးရေးဆင်းစဉ် ပြောဆိုချက်တွေ အကုန်ပြန်နားထောင်စေချင်ကြောင်း၊ မိမိအပြစ်ဖို့လိုတဲ့ အချက်ကိုသာ တည်းဖြတ်တင်ပြတာမျိုး မဖြစ်သင့်ကြောင်း၊ လူထုကြားစည်းရုံးရေးဆင်းတာ တခါတလေ အပြောင်အပျက်ပြောဆိုတာလည်း ပါသွားတတ်ကြောင်း၊ မိမိအနေနဲ့ နောက်နောင် အပြောအဆိုဆင်ခြင်မယ့်အကြောင်း ချေပပြောဆိုသွားပါတယ်။
လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဆတ်ဆယမ်ချစ်ချွပ်ဟာလည်း လမ်းတံတားဆောက်လုပ်ရေး လုပ်ငန်းတွေမှာ ရန်ပုံငွေအလွန်အကျွံသုံးစွဲတာ ဒေသတခုနဲ့တခု ရန်ပုံငွေကွာဟစွာသုံးစွဲတဲ့ကိစ္စ၊ ပါတီကြီးတစ်ခုကို အလှူငွေ ဘတ် ၅ သန်းပေးတဲ့ကိစ္စ၊ ဝန်ကြီးရဲ့ ဘတ်သန်းပေါင်းထောင်နဲ့ချီတဲ့ ဖက်စပ်လုပ်ငန်းတွေ၊ ဇနီးသားသမီးဆွေမျိုးတွေရဲ့ နာမည်နဲ့ လွှဲထားတဲ့လုပ်ငန်းတွေ၊ ကိုယ်ကျိုးစီးပွားအတွက် အာဏာကိုအလွှဲသုံးစားပြုတာ၊ စာရင်းဇယားနဲ့တကွ အယုံအကြည်မရှိ အဆိုတင်သွင်းခံရပါတယ်။
အလုပ်သမားဝန်ကြီး နိုင်းဆူချတ်ချုမ်းကလင်ကတော့ တရားမဝင်အလုပ်သမားတွေ အမြောက် အမြားဝင်ရောက်လာတာကို လျစ်လျူရှုထားတဲ့အကြောင်း၊ လုပ်ငန်းရှင်တွေနဲ့ပူးပေါင်းပြီး အလုပ်သမားတွေပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်နေတာ၊ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်ရသူတွေကို မပြည့်အဝမကူညီနိုင်တာ၊ လူမှုဖူလှုံရေးရံပုံငွေတွေကို ဖက်စပ်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံတာ စတဲ့အချက်တွေနဲ့ အယုံအကြည်မရှိ အဆိုတင်သွင်း ခံခဲ့ရပါတယ်။
သက်ဆိုင်ရာဝန်ကြီးတွေကလည်း စွပ်စွဲချက်တွေမမှန်ကန်ကြောင်း၊ သူတို့ဆောင်ရွက်ချက် အောင်မြင်မှုတွေတင်ပြပြီး ပြန်လည်ချေပခဲ့ပါတယ်။
မနေ့က အစည်းအဝေးပြီးတဲ့နောက် သတင်းထောက်တွေက အခုလို အယုံအကြည်မရှိ အဆို တင်သွင်းခံရတာတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်သဘောထားကို မေးမြန်းရာမှာ သူ့အနေနဲ့ အတွေ့ အကြုံတွေအများကြီးရှိခဲ့လို့ ဖြတ်သန်းလာခဲ့ပြီးပါပြီ၊ ရိုးနေပါပြီ နောက်ဆုံး လွှတ်တော်ထဲက မဲအရေအတွက်သာ အဆုံးအဖြတ် ပေးပါလိမ့်မယ်လို့ ပြောသွားပါတယ်။
Photo-Khaosod