ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းမားမြို့မှာ ပရဟိတလုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိုအောင်ဌေးဦး (ခ) ကိုရွှေဥကို စစ်ကောင်စီတပ်က ကားနှစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကိုအောင်ဌေးဦးကို နေ့လယ်ပိုင်းက ကားနှစ်စီးနဲ့ လာဖမ်းသွားတယ်။ သူက ပရဟိတ လုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ကူညီတဲ့ လူငယ်တဦးဖြစ်တယ်။ ဘာကြောင့် ဖမ်းခံရတယ်ဆိုတာ မသိရဘူး။ ဘယ်ကိုဖမ်းသွားလဲဆိုတာလည်း မသိရတဲ့အတွက် စိတ်မကောင်းဘူး” လို့ ကိုအောင်ဌေးဦးနဲ့ နီးစပ်သူတေယာက်က ပြောပါတယ်။
ကိုအောင်ဌေးဦးဟာ နန်းမားမြို့မှာ ပရဟိတလုပ်ငန်းတွေကို တက်တက်ကြွကြွ ပါဝင်လုပ်ကိုင်နေသူတယောက် ဖြစ်သလို လူငယ်စီးပွားရေးသမားတယောက်လည်း ဖြစ်ပါတယ်။
နန်းမားမြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း၊ မေတ္တာလေညှင်း လူမှုကူညီရေးအသင်းက ဒေါ်ခင်မာလင်းနဲ့ လျှပ်စစ်ရုံးဝန်ထမ်းတွေ အပါအဝင် ပြည်သူ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါသေးတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအနီးမှာ မေ ၄ ရက် မနေ့ညနေပိုင်းက TNLA တအာင်းအမျိုးသားတပ်မတော်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီဘက်က ၁၂ ယောက်နဲ့ စစ်ကောင်စီရဲ့ ကားချောဆွဲခံရတဲ့ အရပ်သား ၂ ယောက် သေဆုံးသွားပါတယ်။
ပရဟိတလုပ်ငန်း၊ လူငယ့်အရေး လှုပ်ရှားတက်ကြွသူ ကျောက်မဲမြို့က စိုင်းစံလှနဲ့ စိုင်းဟန်တို့ နှစ်ယောက်ဟာ မနေ့က သူတို့အိမ်က Ford Doubel Cab နဲ့ မူဆယ်ကို အလုပ်ကိစ္စ သွားရောက်စဉ် မော်တောင်းရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုးမိရာ ချောဆွဲခံရတာပါ။
စစ်သားတွေက သူတို့လိုရာခရီးအတွက် အဆိုပါလူငယ် ၂ ယောက်ကို လိုက်ပို့ခိုင်းပြီး ကားနောက်ခန်းကနေ မတ်တတ်ရပ် လိုက်ပါလာကြရာ လမ်းတနေရာမှာ TNLA တပ်ဖွဲ့က တောင်ကုန်းပေါ်ကနေ လောင်ချာနဲ့ လှမ်းပစ်ခဲ့တာလို့ သေဆုံးသူရဲ့ သူငယ်ချင်းတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ အပစ်ခံရတာတော့ ညနေ ၅ နာရီလောက်မှာပါ။ အပစ်ခံရတာကို နောက်ကလိုက်လာတဲ့ အသိမိတ်ဆွေ ကားတစီးက လာတွေ့တာနဲ့ ကျနော်တို့ဆီ အကြောင်းကြားတယ်။ မိဘတွေကိုတော့ စိတ်ထိခိုက်မှာစိုးလို့ ချက်ချင်းမပြောရဲဘူး။ တောင်ကုန်းပေါ်မှာ နေရာယူထားတဲ့ ပလောင်စစ်သားတွေက လှမ်းပစ်ထည့်လိုက်တာလို့ ဒေသခံတွေ ပြောတယ်။ ကားပေါ်လိုက်လာတဲ့ စစ်သား ၁၂ ယောက်စလုံး သေတယ်။ စိုင်းစံလှတို့ အလောင်းကို ပရဟိတ ကူညီရေးအဖွဲ့က မူဆယ်ဆေးရုံကို ပို့ထားပေးလို့ ဒီကနေ့မနက်မှာ မိဘတွေလည်း မူဆယ်ကို လိုက်သွားပါပြီ။ ကျောက်မဲ နမ့်ခုံး ပရဟိတအဖွဲ့ဝင်တွေလည်း လိုက်သွားကြတယ်။”
သေဆုံးသူ စိုင်းစံလှမှာ Shan Youth Network ရှမ်းလူငယ်အဖွဲ့ရဲ့ အလုပ်အမှုဆောင်၊ သျှမ်းပြည်ညီညွှတ်ရေးကော်မတီ (Committee for Shan State Unity-CSSU) အတွင်းရေးမှူး အဖွဲ့ဝင်တဦးဖြစ်ပြီး ကျောက်မဲပရဟိတအဖွဲ့တွေမှာလည်း ပါဝင်ကာ စစ်ဘေးရှောင်ကူညီရေးလုပ်ငန်း၊ ရပ်ရေးရွာရေးမှာ လက်မနှေးဘဲ တက်ကြွစွာ ကူညီတတ်သူမို့ လွန်စွာနှမြောပြီး ဝမ်းနည်းမိတယ်လို့ အမည်မဖော်လိုသူ ရှမ်းလူငယ်တဦးက ပြောသွားပါတယ်။