close

ပရဟိတအဖွဲ့

close

July 24, 2021

ကိုဗစ်တတိယလှိုင်းအတွင်း နာရေးကူညီပေးကြသူများ (ဓာတ်ပုံ)

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းကာလ ရာထောင်ချီတဲ့ ပြည်သူလူထုတွေ ကိုဗစ်-၁၉ ရောဂါနဲ့ နေ့စဉ်   သေဆုံးသူများ လာနေပြီး  သုသာန်တွေမှာလည်း နာရေးတွေနဲ့ စုပြုံနေပါတယ်။

သေဆုံးသူတွေကို မြေမြှုပ်တာနဲ့ မီးသင်္ဂြိုဟ်တာတွေကို အလျင်မီ ဆောင်ရွက်နိုင်ခြင်းမရှိလို့လည်း  သုသာန်တွေမှာ နေ့စဥ်အလောင်းတွေ စုပြုံနေတာဖြစ်ပါတယ်။ 

မန္တလေးမြို့ရှိရှိ ကြာနီကန်အစ္စလာမ်န်သုသာန်မှာလည်း နေ့စဥ် နာရေး ၁၀၀ လောက်ကို ပရဟိတအဖွဲ့ဝင်တွေက ကူညီဆောင်ရွက်ပေးနေကြရပါတယ်။

ရန်ကုန်မြို့ သုသာန်လေးခုမှာတော့  ဇူလိုင် ၂၃ ရက်က  မီးသင်္ဂြိုဟ်ရတဲ့ရုပ်အလောင်း ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ အကူအညီပေးနေတဲ့ ပရဟိတသမားတွေက ပြောပါတယ်။

စစ်ကောင်စီအာဏာစသိမ်းကတည်းက  CDM ကျန်းမာရေးဝန်ထမ်းတွေ၊  Volunteer စေတနာ့ဝန်ထမ်းတွေ၊ နာရေးအသင်းသားတွေနဲ့ ပရဟိတအသင်းသားတွေကို မတရား ဖမ်းဆီး ထောင်ချ၊ အကြမ်းဖက် ရိုက်နှက်တာတွေလုပ်ခဲ့သလို အသင်းရုံးခန်းတွေကိုလည်း ဝင်စီးနင်းဖျက်ဆီးတာ၊ ငွေကြေး၊ ကားနဲ့ ပစ္စည်းတွေ လုယက်ယူသွားတာတွေ  တောက်လျှောက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

ဒီလိုလုပ်ဆောင်ခဲ့တဲ့ အကျိုးဆက်အနေနဲ့ ကွာရန်တင်းစင်တာတွေ ကောင်းမွန်စွာမထားရှိနိုင်တာ ၊ အောက်ဆီဂျင်မလုံလောက်တဲ့ ပြဿနာတွေလည်း ကောင်းမွန်စွာ ဖြေရှင်းပေးနိုင်ခြင်းမရှိလို့ နေ့စဥ် ပြည်သူတွေရဲ့ အသက်ပေါင်းများစွာဆုံးရှုံးနေတာပါ။ 

မြန်မာနိုင်ငံတဝန်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူရော သေဆုံးသူပါ တိုးလာနေပြီး  မနေ့က တရက်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုအသစ် ၅,၅၀၆ ယောက်၊ သေဆုံးသူ ၃၂၆ ယောက် ရှိတယ်လို့ စစ်ကောင်စီ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်ညမှာကြေညာထားပါတယ်။

Photo - MPA

1 min Ago

July 19, 2021

မြောက်ဒဂုံတွင် ကိုဗစ်လူနာများကို အသက်ကယ်ပေးနေသည့် ပရဟိတ ဆရာဝန် ၅ ဦး ဖမ်းဆီးခံရ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှာ  ကိုဗစ်လူနာတွေအတွက်   Home Care ကျန်းမာရေးစောင့်ရှောက်မှုလိုက်ပေးနေတဲ့  ပရဟိတ ဆရာဝန် ၅ ဦးကို ဇူလိုင် ၁၉ ရက် မနက်ပိုင်းမှာ   စစ်ကောင်စီအကြမ်းဖက်အဖွဲ့က  ဖမ်းဆီးသွားတယ်လို့ ဆရာဝန်အသိုင်းအဝိုင်းကနေ သိရပါတယ်။ 

ဖမ်းဆီးခံရတဲ့ ဆရာဝန်တွေကို CDM ဝန်ထမ်းတွေလို့ယူဆပြီး ထောင်ဖမ်းခဲ့တာလို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။

"ဝင်စီးတယ်ဆိုတာထက် သူတို့ကနေမကောင်းဘူးဆိုပြီး အဲ့ဒီကိုဖုန်းဆက်တာ။ ဆရာဝန်ငါးယောက်ထဲက သုံးယောက်က သွားပြီးကြည့်ပေးတာ။ ကြည့်ပေးတဲ့အချိန်မှာ အဲ့ဒီသုံးယောက်ကို ဆွဲစိလိုက်တယ်။ အဲ့ဒီသုံးယောက်ကိုလိုက်ပို့တဲ့ ကားသမားက သူတို့ရုံးခန်းကို  ပြန်လာပြီးတော့ ပြောတဲ့အချိန်မှာ နောက်ကလိုက်လာပြီး အင်အားအလုံးအရင်းနဲ့ ဖမ်းတာ။ ဝင်ဖမ်းပြီးတော့ ဆရာဝန်ငါးယောက်လုံးကို ထိန်းသိမ်းသွားတယ်။" 

အဖမ်းခံရတဲ့ ဆရာဝန်တွေဟာ Facebook၊ မက်ဆင်ဂျာတွေကနေ ပြည်သူတွေကို  မေးခွန်းတွေဖြေပေးသလို ကိုဗစ်အတွက် အိမ်တိုင်ရာရောက်သွားပြီး တတ်နိုင်သလောက် ကူညီနေကြသူတွေဖြစ်ပါတယ်။ 

ဆရာဝန်တွေ စုဝေးရာနေရာက ပြည်သူတွေလှူထားတဲ့ အောက်ဆီဂျင်စက်တွေ အောက်ဆီဂျင်အိုးတွေ ဆေးခန်းသုံးပစ္စည်းအများအပြားကိုလည်း စစ်ကောင်စီက သိမ်းယူသွားပါတယ်။

ဖမ်းဆီးသွားတဲ့ ဆရာဝန်တွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကို ဆရာဝန်အသိုင်းအဝိုင်းက စုံစမ်းနေပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရသေးဘူးလို့ဆိုပါတယ်။ 

နိုင်ငံတကာစစ်စည်းကမ်းတွေအရ တိုက်ပွဲတွေအတွင်းမှာတောင် ဆရာဝန်တွေ ဆေးတပ်သားတွေကို ဖမ်းဆီးခွင့် ပစ်ခတ်ခွင့် မရှိပါဘူး။ 

ကိုဗစ်ကပ်ရောဂါအခက်အခဲကို ပြည်သူတွေရင်ဆိုင်နေရချိန်မှာ အကူအညီပေးနေတဲ့ ဆရာဝန်တွေကို ဖမ်းဆီးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ကို ဆရာဝန်အသိုင်းအဝိုင်းက ဝေဖန်နေကြပါတယ်။

5 days Ago
Up