မန်ယူနောက်ခံလူသစ် ဗာရန်းအနေနဲ့ ပရီးမီးယားလိဂ်နဲ့ အံဝင်ဖို့ အချိန်တခု ယူရနိုင်တယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ဒမ်နီမေးလ်က သုံးသပ်ပါတယ်။
ပြင်သစ်လက်ရွေးစင် ဗာရန်းဟာ ယူနိုက်တက်အသင်းကို ပေါင် ၄၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
လာလီဂါနဲ့ ပရီးမီးယားလိဂ် ကစားပုံက ကွာခြားမှုရှိသလို ဒဏ်ရာပြဿနာရှိတဲ့ ဗာရန်းအနေနဲ့ အချိန်တခု ယူရနိုင်တယ်လို့ မန်စီးတီးနဲ့ လိဒ်ကစားသမားဟောင်း ဒမ်နီမေးလ်က ပြောပါတယ်။
“မန်ချက်စတာ ရာသီဥတုနဲ့ အသားကျဖို့ အချိန်အနည်း ငယ်ယူရနိုင်ပါတယ်။ အရေးကြီးဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ အံဝင်ဖို့ကလည်း အချိန်လိုပါလိမ့်မယ်။ သူက ဆုဖလားအားလုံး ရယူထားပေမဲ့ ပြီးခဲ့တဲ့နှစ်တွေ အတွင်းဒဏ်ရာပြဿနာရှိခဲ့လို့ ပွဲစဉ်တိုင်းကစားနိုင်မယ် မထင်ပါဘူး။ သူ့အသင်းက လာလီဂါမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀-၇၅ ရာခိုင်နူန်းလောက်နဲ့ ကစားခဲ့တာဖြစ်လို့ ဖိအား များများစားစား မတွေ့ခဲ့ဖူးပါဘူး။ ပရီးမီးယားလိဂ်မှာတော့ အဲဒီလို မဟုတ်ပါဘူး။ လျင်မြန်မှုရှိရမယ့်အပြင် ကြံ့ခိုင်မှုပါ ကောင်းမွန်နေဖို့လိုပါတယ်” လို့ ဒမ်နီမေးလ်က သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေကြောင့် ဗာရန်းအနေနဲ့ ဗန်ဒိုက်နဲ့ ရူဘင်ဒိုင်ယက်ဇ်တို့လို ထိပ်တန်းနောက်ခံလူတဦး ဖြစ်လာဖို့ သံသယရှိနေဆဲဖြစ်တယ်လို့ ဒမ်နီမေးလ်က သုံးသပ်ပါတယ်။