အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရွှေလိုက်ဝကျေးရွာမှာ မတ်လ ၁၃ ရက် နေ့လယ်ပိုင်းက အိန္ဒိယနယ်ခြားစောင့်စစ်တပ် (အာသံ) တပ်ဖွဲ့ဝင် ၁၀ ယောက်လောက် လာရောက်စုံစမ်းမေးမြန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိန္ဒိယနယ်ခြားစောင့် စစ်သားတွေက မြန်မာဘက်ခြမ်းက ကျေးရွာထဲကို ရောက်လာပြီး မြန်မာစစ်သားတွေရှိလားလို့ မေးမြန်းခဲ့ကြောင်းနဲ့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးလိုတယ်လို့ ပြောဆိုပြီး အိန္ဒိယနိုင်ငံဘက်ကို ပြန်ဝင်သွားတယ်လို့ ဒေသခံရွာသားတယောက်က ဆိုပါတယ်။
ဘာကိစ္စနဲ့ တွေ့ဆုံဆွေးနွေးလိုတယ် ဆိုတာကိုတော့ ပြန်လည်ဖြေကြားတာမျိုး မရှိခဲ့ဘဲ အဆိုပါဒေသက ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့ CDF - ပလက်ဝရဲ့ ထိန်းချုပ်နယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။
အရင်တုန်းကတော့ မြန်မာပိုင်နက်ထဲကို အိန္ဒိယ နယ်ခြားစောင့်တပ်ဖွဲ့အနေနဲ့ အခုလို ဝင်ရောက်လာတာမျိုး မရှိခဲ့ပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်း မငြိမ်းချမ်းမှုတွေကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တခုတည်းမှာတင် ချင်းပြည်နယ်ထဲကနေ ထွက်ပြေးခိုလှုံနေသူ ၂၀,၀၀၀ ကျော်ရှိတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့ ဂိတ်စခန်းတခု တိုက်ခိုက်ခံရပြီး ၂ ယောက် သေဆုံးကာ ၅ ယောက်လောက် ဒဏ်ရာရခဲ့တယ်လို့ CDF-ပလက်ဝ ကနေ သိရပါတယ်။
ပလက်ဝမြို့နယ်နဲ့ မတူပီနယ်စပ်က ဘွေလီဂိတ်စခန်းကို မနေ့ မနက် ၇ နာရီလောက်မှာ CDF-ပလက်ဝက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ၁၅ မိနစ်လောက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ CDF-ပလက်ဝရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၂ ယောက် သေဆုံးကာ ၅ယောက် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တွေ အထိခိုက် အကျဆုံး မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်။”
တိုက်ပွဲအပြီး စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ဘွေလီကျေးရွာနဲ့ တွီဆော့ကုန်းကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြ ရတယ်လို့ ပြောပါတယ်။
တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။