close

ပလက်ဝ

close

March 10, 2023

ပလက်ဝတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံး၊ ဒဏ်ရာရ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မတ်လ ၉ ရက်က တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ ၁၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ပလက်ဝကနေ သိရပါတယ်။

မတူပီမြို့နယ် လိုင်လင်းပီမြို့ကနေ ထေဘွေ့စခန်းကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပလက်ဝမြို့နယ် ကိန်းကန်းကုန်းရွာနဲ့ စခီဟာရွာကြားက လာကီချောင်းထဲမှာ မနေ့ မတ်လ ၉ ရက် မနက် ၁၀ နာရီ ၅၄ မိနစ်ကနေ ၁၁ နာရီ ၄၁ မိနစ်ထိ တကြိမ်၊ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ကနေ ၁၂ နာရီ မိနစ် ၄၀ အထိ တကြိမ် CNA နဲ့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ CDF-ပလက်ဝရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ ၁၅ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပလက်ဝမြို့နယ်မှာ မတ်လ ၈ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ယောက်သေဆုံးကာ ၁၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

7 mins Ago

January 12, 2023

ရခိုင်နှင့် ပလက်ဝရှိ စစ်ဘေးရှောင် ၈၀,၀၀၀ ကျော် နေရပ်မပြန်နိုင်သေး

ရခိုင်ပြည်နယ်က မြို့နယ်တချို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ရပ်စဲထားကြပေမဲ့ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ ၈၉,၀၀၀ ကျော်လောက် ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အေအေနဲ့ စစ်ကောင်စီတို့ရဲ့ တကျော့ပြန် တိုက်ပွဲဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာနေရသူ ၁၆,၀၀၀ ကျော်ရှိကာ အရင်နဲ့ အခုလက်ရှိ တိုက်ပွဲအထိ နေရပ်စွန့်ခွာသူ ၈၉,၀၀၀ ကျော်အထိ ရှိလာပြီလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ရခိုင်ပြည်နယ်က မြို့နယ် ၈ ခုအပေါ် ခရီးသွားလာခွင့်နဲ့ လူသားချင်းစာနာမှု အကူအညီ ပေးတာတွေ ပြန်လည်ခွင့်ပြုထားပြီဖြစ်ပေမဲ့ နယ်တွေမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပံ့ပိုးကူညီမှုတွေ မရရှိသေးဘူးလို့ ကုလထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့ရှိ စစ်ကောင်စီနဲ့ အေအေတို့အကြား အပစ်အခတ် ရပ်စဲမှု တည်တံ့နေဆဲဖြစ်ပေမဲ့ ထိလွယ်ရှလွယ် အခြေအနေမှာ ရှိနေပြီး ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်ပါတယ်။

မြန်မာပြည် အနောက်မြောက်ပိုင်းနဲ့ အ‌ရှေ့တောင်ပိုင်းတို့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ၊ လုံခြုံရေးတင်းကျပ်မှုတွေ၊ ဝင်ရောက်ကူညီခွင့် ကန့်သတ်ချက်တွေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ လုပ်သားတွေအပေါ် တားဆီးမှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်နေသလို ရွှေ့ပြောင်းနေထိုင်မှုတွေ ထပ်မံဖြစ်ပေါ်စေပြီး လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ငန်းတွေကိုလည်း အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် နှစ်ကုန်အထိ နေရပ်စွန့်ခွာနေရသူ လူဦးရေ ၁ ဒသမ ၅ သန်းကျော်အထိ ရှိလာပြီး သူတို့ဟာ ခက်ခဲတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရတဲ့အတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ အပူတပြင်း လိုအပ်နေတယ်လို့ UNOCHA  ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

2 months Ago
Up