close

ပလတ်စတစ်အမှိုက်

close

February 18, 2023

ရန်ကုန်မြို့နယ် ၄ ခုက ပလတ်စတစ်အမှိုက် ကျပ် ၁၇ သိန်းကျော်ဖိုး သန့်မြန်မာဝယ်ယူ

ပလတ်စတစ် အမှိုက် ၁ ပိဿာ ကျပ် ၁၀၀ ပေးဝယ်ပြီး ကမ်ပိန်းလုပ်နေတဲ့ သန့်မြန်မာဟာ ရန်ကုန်မြို့နယ် ၄ ခုက ပလတ်စတစ်အမှိုက်ကို ကျပ် ၁၇ သိန်းကျော်ဖိုး ဝယ်ယူခဲ့တယ်လို့ အဲဒီအဖွဲ့က သိရပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်ကစလို့ တမြို့နယ်ကို တကြိမ်စီဆောင်ရွက်ခဲ့ရာမှာ တောင်ဒဂုံ မြို့နယ်မှာ အမှိုက် ၂၇၅၆ ပိဿာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ  ၅၆၇၆ ပိဿာနဲ့ သန်လျင်မြို့နယ်မှာ အမှိုက် ၆၉၄၄ ပိဿာ၊ ရွှေပြည်သာမြို့နယ်မှာ ၂၃၃၆ ပိဿာကို ကျပ် ၁,၇၇၁,၂၀၀ ဖိုး ဝယ်ယူ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

သန့်မြန်မာက တာဝန်ရှိသူတဦးက "အဓိကက ပရောဂျက် ဧရိယာက အမှိုက်တွေကို ရှင်းချင် လို့ပါ။ အဲဒီနေရာတွေမှာ အမှိုက်စီမံခန့်ခွဲမှုစနစ်နဲ့ အမှိုက်သိမ်းစနစ်ကို ထူထောင် မပေးခင်က ရှိပြီးသား အမှိုက်တွေ ရှိတယ်။ လမ်းဘေးပစ်ထားတဲ့ဟာတွေ၊ အိမ်နားပစ်ထားတဲ့ ဟာတွေ ကျန်သေးတယ်။ အဲဒီအမှိုက်တွေ ရှင်းချင်လို့ ဒီလိုမျိုး လုပ်ဖြစ်တာပါ" လို့ ပြောပါတယ်။ 

မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရဲ့ အမှိုက်စီမံခန့်ခွဲမှုစနစ် လက်လှမ်းမမီတဲ့ မြို့နယ် ၄ ခုကို ပရောဂျက်ဧရိယာအဖြစ် ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။

သန့်မြန်မာတာဝန်ရှိသူက "အမှိုက်သိမ်းစနစ် လုပ်ခဲ့အခါမှာလည်း လူထုအခြေပြုအနေနဲ့ ရပ်ကွက်ထဲက လူတွေကပဲ ဦးဆောင်ပြီးတော့ အမှိုက်သိမ်းပေးတယ်။ အဲဒီ ပုံစံမျိုးနဲ့ သွားတာပါ။ အဓိကကတော့ လူထုပါဝင်မှု အားကောင်းတယ်။ သူတို့အနေနဲ့ ကောက်ပေးတဲ့အတွက် ၁ ပိဿာ ကျပ် ၁၀၀ ပြန်ရတဲ့အတွက် တော်တော်များများလည်း လာရောင်းကြပါတယ်"လို့ ဆက်ပြော ပါတယ်။

လက်ရှိ အမှိုက်ဝယ် ကမ်းပိန်းမှာ ပလတ်စတစ်အမှိုက်တွေသာ ဝယ်ယူတာ ဖြစ်ပြီး ‌သစ်ရွက်ခြောက်နဲ့ မြေဆွေးလုပ်လို့ရတဲ့ အမှိုက်တွေကို မဝယ်ယူဘူးလို့ သိရပြီး သိမ်းဆည်းရမိတဲ့ ပလတ်စတစ်အမှိုက်တွေကိုတော့ သတ်မှတ်ထားတဲ့ အမှိုက်ပုံမှာပဲ စွန့်ပစ်တယ်လို့ သိရပါတယ်။ 

ဒီအမှိုက် ၁ ပိဿာ ကျပ် ၁၀၀ ပေးဝယ်တဲ့ အစီအစဉ်ကို ရန်ကုန်၊ ဒလမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ပြုလုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ( သန့်မြန်မာ )

3 mins Ago

December 13, 2019

တောင်အာဖရိက ပင်လယ်ကမ်းရိုတန်းတွင် အမှိုက်တန်ချီ သောင်တင်

တောင်အာဖရိကနိုင်ငံ ဒူယ်ဘန်မြို့ ပင်လယ်ကမ်းရိုတန်းတလျှောက်ကို အလေးချိန်တန်ချီတဲ့ ပလတ်စတစ်အမှိုက်တွေ ဒီဇင်ဘာ ၁၂ ရက်နေ့က သောင်တင်လာခဲ့ပါတယ်။  ကမ်းခြေတလျှောက် လှိုင်းတွေနဲ့အတူ မျောပါလာတဲ့ ပလတ်စတစ်အမှိုက်တွေရဲ့ ပုံရိပ်ကို တောင်အာဖရိက သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းအဖွဲ့ The Litterboom Project ရဲ့ အဖွဲ့ဝင်တယောက်က ရိုက်ကူးပြီး လူမှုမီဒီယာစာမျက်နှာတွေပေါ်မှာ ဖော်ပြခဲ့တာပါ။  ဒူလ်ဘန်မြို့ မြူနီစပယ်အဖွဲ့ရဲ့ အမှိုက်ထိန်းသိမ်းရေး စနစ်အားနည်းတာကြောင့် မြစ်ချောင်းတွေတလျှောက် အမှိုက်တွေမျောပါလာတာဖြစ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်တယ်လို့ အဲဒီသဘာဝပတ်ဝန်းကျင်ထိမ်းသိန်းအဖွဲ့က ပြောပါတယ်။  ဒါ့အပြင် ပလတ်စတစ်ထုတ်လုပ်မှု လျော့ချရေးနဲ့ အမှိုက်တွေကို ထိထိရောက်ရောက်ဖယ်ရှားရေး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဥပဒေတရပ်ကိုလည်း ပြဋ္ဌာန်းစေချင်တယ်လို့  The Litterboom Project အဖွဲ့က ပြောခဲ့ပါတယ်။
3 years Ago
Up