close

ပလနရဲစခန်း

close

February 15, 2022

မြစ်ကြီးနား ရဲစခန်းတွင် မိုင်းပေါက်ကွဲပြီး ရဲ ၃ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပလနရဲစခန်း အမှတ် (၃) မှာ  ဖေဖော်ရီ ၁၃ ရက်က  ကိုယ်တိုင်ထောင်ထားတဲ့  မိုင်းနင်းမိပြီး ရဲလုံခြုံရေးတပ်ဖွဲ့ဝင် ၃ ယောက်လောက် ဒဏ်ရာရသွားတယ်လို့   တပ်တွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

တပ်တွင်းက  အမည်မဖော်လိုသူတဦးက “ရဲစခန်းရဲ့ ပတ်ပတ်လည်မှာ သူတို့လုံခြုံရေးအတွက် မိုင်းတွေ ထောင်ထားကြတယ်။ နေ့မှာစောင့်တဲ့ ရဲတွေက ထောင်ထားတာပါ။ ညမှာ အလှည့်ကျတဲ့ရဲတွေက နင်းမိပြီး ပေါက်ကွဲမှုဖြစ်သွားတယ်။ ၃ ယောက်လောက်က ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်။ ဒဏ်ရာတော့ အရမ်းမများဘူး”လို့ ပြောပါတယ်။ 

ကိုယ်ထောင်တဲ့မိုင်း ကိုယ်နင်းမိပြီး ပေါက်ကွဲတာ အထက်ကသိရင် ဗိုလ်ကြီးတွေ အလုပ်ပြုတ်မှာမို့ ဒီကိစ္စ လျှို့ဝှက်ထားတယ်လို့ လည်းထပ်ပြောပါတယ်။

ပလန အမှတ် (၃) ရဲစခန်းက  စစ်တပ်အာဏာသိမ်းပြီးစကတည်းက လမ်းသွားလမ်းလာ ပြည်သူတွေကို  နေ့တိုင်း စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ် ပြုလုပ်နေတဲ့ဂိတ်တခုဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့က အဆိုပါ စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲသံကြားရတဲ့အတွက် အနီးအနားနေ ပြည်သူတွေ ထိတ်လန့်သွားခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်ရှိပြည်သူတဦးက  “ပေါက်ကွဲမှုက အရမ်းကျယ်ပြီး လူတွေ အတော်အများက ကြောက်လန့်လို့ မြေကြီးမှာ ၀ပ်ကြတယ်။ အိမ်တောင်တုန်တယ်။ ဗုံးသံအပြီးမှာ ရဲစခန်းဘက်က ရမ်းပြီး သေနတ်ပစ်တာတွေလည်း ရှိတယ်” လို့ ပြောပါတယ်။

မြစ်ကြီးနား ပလန (၂၉) တပ်ရင်းမှာ လွန်ခဲ့တဲ့ ၃ လလောက်ကလည်း တပ်ရင်းပတ်ပတ်လည် ထောင်ထားတဲ့မိုင်းကို ဗိုလ်ကြီးတစ်ယောက်က ကင်းလှည့်စစ်ဆေးချိန် တက်နင်းမိပြီး ဒဏ်ရာပြင်းထန်စွာရရှိလို့ ယနေ့အထိ နေအိမ်မှာပဲ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဖေဖော်ရီလ ၁၄ ရက် မနေ့ညက  ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သလို ပစ်ခတ်မှုတွေလည်းရှိခဲ့ပြီး တပ်ကုန်းရပ်ကွက် စံပြလမ်းအနီး ည ၇ နာရီလောက်က ပေါက်ကွဲမှုမှာတော့ လူ ၄ ယောက် ဒဏ်ရာရသွားပါတယ်။

1 min Ago
Up