close

ပလိုင်းရွာ

close

August 16, 2021

ရွှေဘိုမြို့နယ် ပလိုင်းရွာတွင် ပျိုးနုတ်နေသည့် ရွာသား ၅ ဦးကို စစ်တပ်က ဖမ်းဆီး

ဩဂုတ် ၁၅ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှာ ရှောင်တိမ်းနေသူတွေ ကုလားကျောင်းကုန်းနဲ့ ရှောက်ပင်ကုန်းမှာရှိတယ်လို့  ဒလန် သတင်းပေးမှုကြောင့် စစ်တပ်က လာရောက်ရှာဖွေကာ ပျိုးနုတ်နေသူ ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြပြီး ဆန်အိတ်နဲ့ ကလစ်ဆိုင်ကယ် ၃ စီးကိုလည်း ယူသွားကြတယ်လို့‌ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က  ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ ရွာသား  ၅ ဦးထဲအနက် ၄ ဦးကို ပြန်လွှတ်ပေးလိုက်ပေမဲ့ လူငယ်တစ်ဦးကိုတော့ အခုချိန်အထိ ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။

“ပလိုင်းမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ ရဲတွေက ရဲကားတစ်စီးနဲ့ လိုက်ထရပ် အဖြူရောင် တစ်စီး ကားနှစ်စီးနဲ့လာတာ။ ပလိုင်းရွာက ရှောင်တိမ်းနေသူတွေရှိတယ်ဆိုပြီး ရှောက်ပင်ကုန်းကို ရှာကြတာ။ ဘယ်သူ့မှ မတွေ့တော့ ပျိုးနုတ်နေတဲ့သူ ၅ ယောက်ကို ဖမ်းသွားတယ်။ ၄ ယောက်ကို ပြန်လွှတ်ထားခဲ့ပြီး ပျိုးနုတ်အငှားလိုက်တဲ့ ကောင်လေးတစ်ယောက်တော့ ပါသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပလိုင်းအုပ်စုအတွင်းက ကုလားကျောင်းကုန်းနဲ့ ရှောက်ပင်ကုန်းဟာ အိမ်ခြေ ၅၀  စီလောက်သာရှိပြီး ပြည်ထဲရေး အမည်ပေါက် ကျေးရွာတွေ မဟုတ်ကြသေးပေမဲ့ ‌ဒေသတွင်းမှာတော့ ရွာလို့ အမည်တပ်သုံးနှုန်းနေကြတာ ဖြစ်ပါတယ်။ 

ဇူလိုင်လက ပလိုင်းကျေးရွာအုပ်စုအတွင်း မီးရှို့ခံရပုံ

အကြမ်းဖက်စစ်တပ်ဟာ ရှောက်ပင်ကုန်းကအပြန် ကုလားကျောင်းကုန်းကို ဝင်ပြီး ဆန်အိတ်နဲ့ ဆိုင်ကယ်တွေ ယူသွားကြတယ်လို့ လည်းသိရပါတယ်။

“ကျနော်တို့ရွာနားရောက်တော့ ကားတွေ နွံဗွက်နစ်တယ်။ ကားတွန်းဖို့ ရွာထဲလာပြီး လူလာခေါ်တော့ ရွာသားတွေက ထွက်ပြေးကြတာပေါ့။ ထွက်မပြေးနိုင်တဲ့ လူကြီးပိုင်းတွေနဲ့ ကလေးတွေကိုလည်း အကြပ်ကိုင်ပြီး ခေါ်တယ်။ မလာလို့ဆိုပြီး ရွာကိုမွှေပြီး ဆန်အိတ် ၇ ပိုင်း၊ ကလစ်ဆိုင်ကယ် ၃ စီး၊ ကြက်ခြံက ကြက်တွေနဲ့ တခြားစားစရာတွေလည်း ယူသွားကြတယ်” လို့ ကုလားကျောင်းကုန်ရွာသားတစ်ဦးက ပြောပါတယ်။

ရွှေဘိုမြို့နယ်က ပလိုင်း၊ တက်တူ စတဲ့ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇူလိုင်လလယ်တုန်းကလည်း စစ်တပ်က ဝင်ရောက် ပစ်ခတ် ဖမ်းဆီး ဖျက်ဆီး မီးရှို့တာတွေ ပြုလုပ်ခဲ့ကြလို့  ဒေသခံတွေရဲ့ နေအိမ်တွေ မီး‌လောင်ဆုံးရှုံးခဲ့ရပြီး အခုချိန်အထိလည်း ထွက်ပြေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။

9 mins Ago
Up