close

ပါဂျဲရိုး

close

October 19, 2022

မြဝတီမြို့၌ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများတင်ထားသည့် ပိုင်ရှင်မဲ့ ကား ၁ စီးကို ဖယ်ရှား ရှင်းလင်း

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေတင်ပြီးရပ်ထားတဲ့ ပိုင်ရှင်မဲ့ ကားတစီးကို  မြို့ခံ အုပ်ချုပ်‌ရေးတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၁၈ ရက်ညနေပိုင်းမှာ ဖယ်ရှား ရှင်းလင်းခဲ့ပါတယ်။

မြဝတီမြို့၊ ၄ ရပ်ကွက်၊ လင်းသီရိကုန်တိုက် (၁) အနီး ဘုရင့်နောင်လမ်းနဲ့ ဦးအောင်ဇေယျ လမ်းထိပ်မှာ ၂ ရက်ကြာ ရပ်ထားတဲ့   အနီရောင် ပါဂျဲရိုးကားကို မသင်္ကာလို့ စစ်ဆေးရာမှာ ကားထဲမှာ  ဂတ်စ်အိုးတွေနဲ့အတူပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ တွေ့ရှိခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဆိုပါကားကို မနေ့ညနေ ကျောင်းသူကျောင်းသားတွေ ကျောင်းဆင်းချိန်အပြီးမှာ ဖယ်ရှား ရှင်းလင်းခဲ့တယ်လို့   မိုင်းရှင်းလင်းရေး ဦးဆောင်သူထံက  သိရပါတယ်။

အဆိုပါကားကို ဖယ်ရှားရှင်းလင်းနေချိန် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို  မနေ့ညနေ ၃ နာရီမှ စတင်ပြီး အိမ်စီးကားတွေရော ကုန်တင်ကားတွေကိုပါ သွားလာခြင်းပြုမလုပ်ဖို့ ပိတ်လိုက်ကြောင်းလည်း  KNLA တပ်မှူးတစ်ဦက ပြောပါတယ်။

မြဝတီမြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ် ၁ တံတားအနီး အောက်တိုဘာ ၁၅ ရက် ည ၇ နာရီလောက်ကလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ကားတစီးမီးလောင်ပျက်စီးခဲ့ပါတယ်။

ဧပြီ ၂၃ ရက်ညကလည်း အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ အပြင်းစား ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တံတားလုံခြုံရေး ၂ ယောက် ဒဏ်ရာရသွားခဲ့ကာ အနီးနားက  အဆောက်အဦတွေနဲ့ မော်တော်ယာဉ်တွေ ပျက်စီးခဲ့ပါတယ်။

မြဝတီမြို့မှာအခုလို ပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပေါ်နေပြီး CCTV ကင်မရာတွေတပ်ထားပေမဲ့ ဖောက်ခွဲသူတွေကို ဖမ်းဆီးနိုင်တာမရှိသလို ဘယ်အဖွဲ့အစည်းရဲ့လက်ချက်လဲဆိုတာကို စစ်ကောင်စီက ချပြနိုင်တာမရှိတဲ့အပေါ် မြို့ခံတွေက ဝေဖန်နေကြပါတယ်။

13 mins Ago
Up