close

ပါတီဆိုင်းဘုတ်

close

March 31, 2023

စစ်ကောင်စီက NLD ပါတီ ဆိုင်းဘုတ်များကို လိုက်လံဖြုတ်ချနေ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီ ၄၀ ကို စစ်ကောင်စီက ပါတီကနေဖျက်သိမ်းပြီး နှစ်ရက်အကြာမှာ နေပြည်တော်နဲ့ ရန်ကုန်က မြို့နယ်ပါတီဆိုင်းဘုတ်တွေကို စစ်အုပ်စုကလိုက်လံ ဖြုတ်သိမ်းတာတွေ လုပ်လာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ရန်ကုန် လှိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ မြို့နယ်ဆိုင်းဘုတ်ကို မတ်လ ၃၁ ရက် ဒီနေ့မနက်မှာ ရပ်ကွက်လူကြီးတချို့နဲ့ စည်ပင်က လာရောက်ဖြုတ်သိမ်းခဲ့တယ်လို့ NLD ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“စည်ပင်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးက လာဖြုတ်သွားတာ။ အခုချိန်မှာ ဘာမှပြောလို့မရဘူး၊ သူတို့စိတ်ထင်သလိုလုပ်မှာ။”

အလားတူ နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ပါတီဆိုင်းဘုတ်ကိုလည်း မတ်လ ၃၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နဲ့ ရဲတွေက လာရောက်ဖြုတ်ချခဲ့တယ်လို့ NLD ပါတီဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့် နေအိမ်က ဆိုင်းဘုတ်ကို ဖြုတ်ချတာ။ ဖြုတ်မချရင် နေအိမ်ချိပ်ပိတ်မယ်လို့ ပြောတယ်။ ဦးကျော်တင့်က ထွက်ပြေးနေရတော့ သူ့ရဲ့အစ်ကိုပဲ အိမ်မှာရှိတယ်။ ဖိအားပေးပြီး ဖြုတ်ချခိုင်းတာ။”

စစ်ကောင်စီတပ်နဲ့ ရဲတွေက NLD ပါတီ မြို့နယ်ရုံး ဖွင့်လှစ်ထားတဲ့ နေအိမ်တွေက ဆိုင်းဘုတ်တွေကို ဖြတ်ချရာမှာ မိမိသဘောဆန္ဒအရ ဖြတ်ချတယ်ဆိုတာကို လက်မှတ်ရေးထိုးခိုင်းတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တရားဝင် နိုင်ငံရေးပါတီ ၉၃ ပါတီရှိတဲ့အနက် စစ်ကောင်စီလက်အောက် ပြန်ပြီး မှတ်ပုံမတင်တဲ့ NLD အပါအဝင် ပါတီ ၄၀ ကို မတ်လ ၂၈ ရက်က ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

6 mins Ago

November 2, 2020

ဖားဆောင်းမြို့နယ်တွင် ပါတီတချို့၏ ဆိုင်းဘုတ်များ ဖျက်ဆီးခံရ

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် မော်ချီးကျေးရွာအုပ်စု လိုခါးလိုကျေးရွာမှာ အောက်တိုဘာ ၃၀ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ၂ ခု အပါအဝင် ပါတီတချို့ရဲ့ ဆိုင်းဘုတ်ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လိုခါးလို ကျေးရွာ ရပ်ကွက်သစ် (အောင်ချမ်းသာ ရပ်ကွက်) နဲ့ အောက်ရွာတွေမှာ ထောင်ထားတဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ် ၂ ခု ဖျက်ဆီးခံရတာလို့ ဖားဆောင်းမြို့နယ်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောသီဟဲက ပြောပါတယ်။ “တခုက အောက်ရွာမှာ၊ တခုက အောင်ချမ်းသာ (ရပ်ကွက်) မရောက်ခင်မှာရှိတယ်။ ဒီက တခုကတော့ နွားကြောင့်ဖြစ်ပါလိမ့်မယ်။ နွားက အဲဒီတိုင်ကို သွားပတ်မိတော့ ရုန်းတဲ့အခါကျတော့ တိုင်ကလှဲတာဖြစ်လိမ့်မယ်။ နောက်တခုကတော့ အတိအကျမသိဘူး အောက်ရွာတခုက။” အဆိုပါ ဆိုင်းဘုတ် ၂ ခုမှာ ကြံ့ခိုင်ရေးပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်နှင်းရင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစောသီဟဲ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစောမြရွှေတို့ရဲ့ ရုပ်ပုံပါ  ဆိုင်းဘုတ်တွေဖြစ်ပါတယ်။ မော်ချီးကျေးရွာ ယာယီအုပ်ချုပ်ရေးမှူး ဦးဝင်းချိုက “ကျိုးကြေနေတာပဲ။ ဗီနိုင်းတွေလည်း အကုန်လုံး ပျက်စီးသွားတာ။ လွှရာတွေ၊ ဓားရာတွေတော့ မတွေ့ဘူး။ လက်နဲ့ချိုးဖျက်ထားတဲ့ပုံတွေ၊ ဒီက သက်ဆိုင်ရာပါတီအဖွဲ့တွေလည်း စုံစမ်းတာပဲ စုံစမ်းလို့မရဘူး။ ဘယ်သူ ဖျက်မှန်းမသိတော့လည်း မတိုင်ကြဘူးဗျာ။” ကိုယ်စားလှယ်လောင်းတွေရဲ့ ဆိုင်းဘုတ် ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြိး ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်ကြားထားတာ မရှိဘူးလို့လည်း ပြောပါတယ်။ အဲဒီနေ့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ် အပါအဝင် အောင်ချမ်းသာရပ်ကွက်နဲ့ ဇီပင်ကွေ့ကြားက အမျိုးသားနိုင်ငံရေးပါတီဒီမိုကရက်တစ်ပါတီ (DNP) ဆိုင်းဘုတ်နဲ့ မော်ချီးအမှတ်-၂ တပ် နဲ့ ဘူလော်ဘယ်သွားလမ်းကြားက ထောင်ထားတဲ့ ကရင်အမျိုးသားပါတီ (KNP) ပါတီဆိုင်းဘုတ်လည်း ပျက်စီးနေတာ တွေ့ရှိရကြောင်း ပါတီကိုယ်စားလှယ်လောင်းတွေက ပြောဆိုပေမယ့် ဘာကြောင့် ပျက်စီးလဲဆိုတာကို အတိအကျ မသိရတဲ့အတွက် တိုင်ကြားတာတွေ မရှိသေးဘူးလို့လည်း ဆိုပါတယ်။ ဖားဆောင်းမြို့နယ်မှာ မဲဆန္ဒနယ် အမှတ် ၂ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်အမျိုးသားပါတီ၊ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ အပါအဝင် ပါတီ ၈ ပါတီက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဖားဆောင်းမြို့နယ်မှာ မဲဆန္ဒနနယ် အမှတ်-၁  နဲ့ အမှတ်-၂ တို့မှာ မဲရုံ ၁၇ ရုံထားရှိပြီး မဲပေးခွင့်ရှိသူ ဦးရေ ၁၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
2 years Ago
Up