ဂါဇာကမ်းမြောင်ဒေသမှာ ပါတီပွဲကျင်းပနေတဲ့ အဆောက်အအုံတခု မီးလောင်ခဲ့ပြီး အနည်းဆုံး လူ ၂၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်း ကျန်းမာရေးနဲ့ အရပ်ဘက် အရေးပေါ် တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။
ဂါဇာကမ်းမြောင်မြောက်ပိုင်းရှိ ဂျဘာလီယာ ဒုက္ခသည်စခန်းရှိ ၄ ထပ် လူနေအဆောက်အအုံရဲ့ အပေါ်ဆုံးထပ်မှာ လောင်ကျွမ်းနေတဲ့ မီးတောက်ကြီးကို မီးသတ်သမားတွေက တနာရီကျော်ကြာ ထိန်းချုပ်ခဲ့ရပါတယ်။
လူနာတင်ယာဉ်တွေဟာ ဒဏ်ရာရသူ အများအပြားကို ဒေသဆိုင်ရာဆေးရုံတွေဆီ အမြန်ပို့ဆောင်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှာ အီဂျစ်နဲ့ အတူတကွ ပိတ်ဆို့ထားတဲ့ အစ္စရေးကလည်း ဆေးဝါးကုသမှု လိုအပ်နေသူတွေကို ခွင့်ပြုမယ်လို့ ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာမှာ ဓာတ်ဆီအမြောက်အမြား သိမ်းဆည်းထားကြောင်းနဲ့ အဲဒါကြောင့်ပဲ အဆောက်အအုံကို ခပ်မြန်မြန် လောင်ကျွမ်းသွားစေကြောင်း ဂါဇာ ပြည်ထဲရေးဝန်ကြီးဌာနက ကနဦး စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။
အော်ဟစ်သံတွေကို ကြားရပေမဲ့ မီးလောင်မှု ပြင်းထန်တာကြောင့် အတွင်းထဲကလူတွေကို မကူညီနိုင်ကြောင်း မျက်မြင်သက်သေတွေက ပြောပါတယ်။
ပါလက်စတိုင်းသမ္မတ မာမွဒ် အက်ဘာ့စ်က ဒါဟာ အမျိုးသားရေး ကြေကွဲစရာလို့ ခေါ်ဆိုပြီး ဝမ်းနည်းစရာနေ့တနေ့ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
ပါလက်စတိုင်းအာဏာပိုင်တွေဟာ အခြေအနေ ပြင်းထန်သူတွေကို နယ်မြေအပြင်ဘက်မှာ ကုသဖို့ လိုအပ်ရင် ဂါဇာကမ်းမြောင်နဲ့ အစ္စရေးကြားက အီရက်ဇ်လမ်းဆုံဂိတ်ကို ဖွင့်ပေးဖို့ အစ္စရေးကို တိုက်တွန်းကြောင်း ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ (PLO) ရဲ့ အမှုဆောင်ကော်မတီ အထွေထွေအတွင်းရေးမှူး ဟူစိန် အယ်လ် ရှိက်ခ်က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
“သမ္မတက ဆေးဘက်ဆိုင်ရာနဲ့ တခြားအကူအညီမျိုးစုံကို အရေးပေါ် ပံ့ပိုးပေးဖို့ ညွှန်ကြားထားပါတယ်” လို့ ရှိက်ခ်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးသံတမန် တော်ရ်ဝမ်နက်လန်းဒ်က ဒီဖြစ်ရပ်မှာ သေဆုံးသွားသူတွေရဲ့ မိသားစုတွေကို ဝမ်းနည်းကြောင်း တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။
ဗြိတိန်တနိုင်ငံလုံး ပထမဆုံးအကြိမ် ကိုရိုနာဗိုင်းရပ်စ်လော့ခ်ဒေါင်းချထားခဲ့တဲ့ ၂၀၂၀ မေလအတွင်း ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ်နေအိမ်ဝင်းထဲ လျှို့ဝှက်ကျင်းပတဲ့ ပါတီပွဲကို တက်ရောက်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဝန်ခံပြောဆိုခဲ့ပါတယ်။
ဇန်နဝါရီ ၁၂ ရက် ဗြိတိန်ပါလီမန်မှာ အဲဒီလို တရားဝင် ဝန်ခံပြောခဲ့ပြီးနောက် အတိုက်အခံတွေက ဝန်ကြီးချုပ်ကို ရာထူးက နုတ်ထွက်ဖို့ ပိုပြီးတောင်းဆိုလာပါတယ်။
ဂျွန်ဆင်က “လွှတ်တော်ဥက္ကဋ္ဌကြီး ခင်ဗျား ကျနော် တောင်းပန်ပါတယ်။ ပြီးခဲ့တဲ့ ၁၈ လအတွင်း နိုင်ငံတဝှမ်း သန်းပေါင်းများစွာသော ပြည်သူတွေ စိတ်သောကရောက် ကြီးကြီးမားမား ရောက်ခဲ့တာပ။ တချို့ အသက်တွေ ဆုံးရှုံး၊ တချို့ သူတို့ချစ်တဲ့ မိသားစု ဆွေမျိုးတွေကို ခွဲခွာခဲ့ရတဲ့ချိန်ပါ။ သူတို့တွေ ဒေါင်းနင်းလမ်းပါတီပွဲအတွက် ကျနော်နဲ့ ကျနော့်အစိုးရအပေါ် ဒေါသထွက်နေတယ်ဆိုတာ သိပါတယ်။ ပြုလုပ်သူတွေကိုယ်တိုင်က ဥပဒေကို ကောင်းစွာမလိုက်နာခဲ့မှုကို တောင်းပန်ပါတယ်” လို့ ပြောပါတယ်။
မစ္စတာဂျွန်ဆင်ဟာ ဥရောပမသမဂ္ဂမှ ဗြိတိန်အပြီးတိုင်နုတ်ထွက်ဖို့ ကတိစကားနဲ့ ၂၀၁၉ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရခဲ့တာပါ။
အဲဒီပါတီပွဲဟာ ဝန်ထမ်းတွေနဲ့ အလုပ်သဘော ဆုံစည်းမှုသာဖြစ်ပြီး နောင်တရမိကြောင်း ပြောပါတယ်။
“၂၀၂၀ မေ ၂၀ ရက် ညနေ ၆ နာရီမှာ ဝန်ထမ်းတွေ လျှို့ဝှက်ပါတီပွဲလုပ်နေတဲ့ အဲဒီပန်းခြံထဲကို ကျနော် ဝင်သွားခဲ့ပါတယ်။ ၂၅ မိနစ်လောက်အကြာမှာ ကျနော့်အလုပ်ဆီကို ပြန်ခဲ့ပါတယ်။ အားလုံးကို ပြန်ကြဖို့ ကျနော်ပြောခဲ့သင့်ပေမဲ့..မတားမိဘူး” လို့ ဂျွန်ဆင်က ပြောပါတယ်။