ရုရှားက ယူကရိန်းအပေါ် ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်လာနေတာဟာ ရုရှားသမ္မတ ပူတင်က မဆင်မခြင်လုပ်နေပြီဆိုတာကို ပြနေတာဖြစ်တယ်လို့ နိုထရီဒိန်းမ် တက္ကသိုလ် နိုင်ငံတကာ အငြင်းပွားမှု ဖြေရှင်းရေးဌာနပါမောက္ခ မာရီအဲလန် အိုကောနဲလ်က မတ် ၁၇ ရက်မှာ ပြောလိုက်ပါတယ်။
စစ်ပွဲကို ဆွေးနွေးညှိနှိုင်းဖြေရှင်းဖို့ မျှော်လင့်ချက်တော့ ရှိကောင်း ရှိနိုင်တယ်၊ ဒါပေမယ့် ဆွေးနွေးပွဲတွေ အထွတ်အထိပ်ရောက်ဖို့တော့ နှစ်ဖက်စလုံးက အားလျော့လာနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တာ သီတင်း ၃ ပတ် ကြာလာပြီးတဲ့နောက် ရုရှားစစ်တပ်ဟာ မြို့တော် ကိယက်ဗ်အနီး ရောက်လာခဲ့တာပါ။
ရုရှားဟာ ယူကရိန်းကို ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ထားခဲ့တာလို့ အနောက်နိုင်ငံ အရာရှိတွေက ပြောပေမယ့် လက်ရှိမှာတော့ ရုရှားတပ်တွေ အသေအပျောက် များနေသလို ယူကရိန်းရဲ့ အကြီးဆုံးမြို့ကြီးတွေ တမြို့ကိုမှ မသိမ်းပိုက်နိုင်သေးပါဘူး။
ရုရှားနဲ့ ယူကရိန်း အစိုးရ ၂ ရပ်စလုံးရဲ့ အပေးအယူ ဆွေးနွေးပွဲသစ်အတွင်း ယူကရိန်းက နေတိုး စစ်ရေးမဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာရေး မျှော်လင့်ချက်ကို ဗုဒ္ဓဟူးနေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။
"ဒါဟာ အကြီးစား အပြောင်းအလဲအဖြစ် ရှုမြင်တယ်၊ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ယူကရိန်းရဲ့ ကာလကြာရှည် ရည်မှန်းချက်ကို ရပ်လိုက်တဲ့ နိုင်ငံတကာ လုံခြုံရေး အာမခံချက်ကို ယူကရိန်းက လက်ခံနိုင်တယ်။" လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက အင်္ဂါနေ့မှာ ပြောပါတယ်။
ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင် ဖြစ်မလာရေးဟာ ယူကရိန်းကို မကျူးကျော်ခင်က ရုရှားရဲ့ အဓိက တောင်းဆိုချက်တွေထဲက တချက် ဖြစ်ပါတယ်။
နေတိုး အင်အားတိုးချဲ့တာကို ရုရှားက ဒေါသထွက်တဲ့အပေါ် နားလည်ပေးနိုင်တယ်၊ ဒါပေမဲ့ တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းကို ကျူးကျော်တာကိုတော့ နားမလည်နိုင်ဘူးလို့ အိုကောနဲလ်က ပြောပါတယ်။
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ကိုယ့်နိုင်ငံ စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်အောင် လုပ်တာရယ်၊ ရုရှားပြည်သူ အများအပြားရဲ့ ဆွေမျိုးတွေရှိရာ ယူကရိန်းနယ်မြေမှာ ရုရှားစစ်တပ်က စစ်ရာဇဝတ်မှု ကျူးလွန်နေတာရယ်ကနေ ရုရှားအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးရမလဲဆိုတာ နားမလည်ဘူးလို့ သူက မေးခွန်းထုတ်ခဲ့ပါတယ်။