close

ပါရာဂွေးသမ္မတဟောင်း

close

July 23, 2022

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များမဟုတ်မှန်ကြောင်း ပါရာဂွေးသမ္မတဟောင်း ငြင်းဆို

အကျင့်ပျက်ခြစားမှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှု စုံစမ်းစစ်ဆေးရေးကို အဟန့်အတားဖြစ်စေခဲ့ကြောင်း အမေရိကန်ရဲ့စွပ်စွဲချက်ကို ပါရာဂွေးသမ္မတဟောင်း ဟော်ရားစီးယို ကားတက်စ်က ငြင်းဆိုလိုက်ပြီး ဒီကိစ္စကို ရှင်းလင်းပေးဖို့ အမေရိကန်အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ 

ပါရာဂွေးသမ္မတဟောင်း  ကားတက်စ်ဟာ သူနဲ့ သူ့ရဲ့အပေါင်းပါတွေကို တရားစွဲဆိုနိုင်ခြေ အလားအလာတွေနဲ့ နိုင်ငံရေးအရ ထိခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုဆိုင်ရာ နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကြီးကို တားဆီးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ဇူလိုင် ၂၂ ရက်က  ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံခြားအကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ တခြားအမေရိကန်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တွေမှာ ကားတက်စ်ရဲ့ မကြာသေးခင်ကအထိ ပါဝင်ပတ်သက်နေမှုကို စဉ်ဆက်မပြတ် မှတ်တမ်းတင်ထားတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

သမ္မတဟောင်း ကားတက်စ်ကတော့ တွစ်တာမှာ ပို့စ်တခုတင်ပြီး ဒီစွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိဘဲ တရားမျှတမှု မရှိကြောင်းပယ်ချခဲ့ပါတယ်။ 

အမေရိကန်အစိုးရက သမ္မတဟောင်းအပေါ် စွပ်စွဲချက်တွေဟာ ဘယ်အချက်တွေကို အခြေခံထား တယ်ဆိုတာနဲ့ အဲဒီအချက်တွေဟာ ပါရာဂွေး သို့မဟုတ် နိုင်ငံပြင်ပမှာ ရာဇ၀တ်မှု လို့ သတ်မှတ်ထားတာ ဟုတ် မဟုတ် မသိရှိရကြောင်း  ကားတက်စ်ရဲ့ ရှေ့နေ ပေဒရို အိုဗီးလာ က တုံ့ပြန်ထားပါတယ်။ 

သမ္မတဟောင်းရဲ့ အရွယ်ရောက်ပြီးသား ကလေး ၃ ယောက် ကိုလည်း အကျင့်ပျက်ခြစားတဲ့ လုပ်ရပ်တွေမှာ ပါဝင်နေတဲ့အတွက် နာမည်ပျက်စာရင်း သွင်းထားကြောင်းလည်း ဘလင်ကန် က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

အသက် ၆၆ နှစ်အရွယ် ကားတက်စ်ဟာ ဆေးလိပ်ကုမ္ပဏီတစ်ခုနဲ့ ကျယ်ပြောလှတဲ့ လက်လီဈေးကွက် အင်ပါယာကို ပိုင်ဆိုင်ထားပြီး ကုန်းတွင်းပိတ် တောင်အမေရိကနိုင်ငံမှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ သမ္မတ ဖြစ်ခဲ့ပါတယ်။ 

ဒီနှစ်အစောပိုင်းက ရှေ့နေချုပ်ဟောင်း အာနလ်ဒို ယူးဂျီယိုက ကားတက်စ်ဟာ ဘရာဇီးနိုင်ငံနဲ့ တရားမဝင် မူးယစ်မှောင်ခိုလမ်းကြောင်းတွေ သုံးပြီး  စီးကရက်တွေကို တရားမဝင် မှောင်ခိုကူးမှု အပြင် ငွေကြေးခဝါချမှု နဲ့ ဥပဒေမဲ့ ကြွယ်ဝမှုတို့အတွက် စွပ်စွဲခဲ့ပါသေးတယ်။  သမ္မတဟောင်းရဲ့ ကိုယ်စားလှယ်တွေက အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ 

10 mins Ago
Up