ဥရောပသမဂ္ဂအနေနဲ့ ရုရှားအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မယ့် ၁၀ ခု မြောက် အစီအစဉ်ကို သဘောတူညီခဲ့ကြကြောင်း ဥရောပကောင်စီရဲ့ အလှည့်ကျဥက္ကဋ္ဌ ဆွီဒင်က ဖေဖော်ဝါရီလ ၂၄ ရက် ညမှာ ပြောဆိုပါတယ်။
"ဥပမာအားဖြင့် အရပ်ဘက် စစ်ဘက် ၂ မျိုးသုံး ကုန်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ ပက်သက်ပြီး ပိုတင်းကျပ်တဲ့ ပို့ကုန်ကန့်သတ်ချက်တွေဟာ ဒီအစီအစဉ်ထဲမှာ ပါဝင်တယ်”လို့ ဆွီဒင်အလှည့်ကျ ဥက္က္ကဋ္ဌက ပြောသွားတာပါ။
ယူကရိန်းမှာ ရုရှားရဲ့အထူးစစ်ဆင်ရေးကို အထောက်အပံ့ပေးမှုအပြင် ဒီစစ်ဆင်ရေးမှာ အသုံးပြုဖို့ ရုရှားဆီ ဒရုန်းတွေပို့ဆောင်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ပစ်မှတ်ထားကန့်သတ်မယ့် အရေးယူဆောင်ရွက်မှုတွေ ဒီအစီအစဉ်ထဲမှာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။
တစ်ရက်တည်းမှာပဲ မော်စကိုအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ချမှတ်ရာမှာ (G7)အဖွဲ့ဝင်နိုင်ငံ တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ အမေရိကန်နိုင်ငံက ကြေညာခဲ့ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် တစ်ခုမှာ ပါဝင်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ နိုင်ငံ့စီးပွားရေးဟာ အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့မှုကို ခံနိုင်ရည်ရှိသလို အနောက်နိုင်ငံတွေ ယုံကြည်ထားတာထက် ရုရှားစီးပွားရေးကို ပိုတောင့်တင်းအောင် စွမ်းဆောင်ထားနိုင်တယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့က မှတ်ချက်ပေး ပြောဆိုပါတယ်။
နောက်ဆုံး အချက်အလက်တွေအရ ၂၀၂၂ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု (GDP) ဟာ ၂ ဒသမ ၁ ရာခိုင်နှုန်းသာ ကျဆင်းခဲ့တာကြောင့် ပြီးခဲ့တဲ့နှစ် အစောပိုင်းက ရုရှားစီပွားရေး ၂၀ ကနေ ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း အနောက်နိုင်ငံက လေ့လာ သုံးသပ်သူတွေရဲ့ ခန့်မှန်းချက်ကို ကျော်လွှားနိုင်ခဲ့တယ်လို့လည်း ပူတင်က တုံ့ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာအခြေအနေတွေ ပိုမိုဆိုးဝါးလာနေတာနဲ့အမျှ မြန်မာစစ်တပ်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ထပ်မံချမှတ်ဆောင်ရွက်သွားဖို့ ဩစတြေးလျက စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ပြောလိုက်ပါတယ်။
“စီးပွားရေးပိတ်ဆို့မှုတွေချမှတ်ဖို့ သုံးသပ်နေပါတယ်။ ကျမတို့ရဲ့ အမြင်တွေရှင်းလင်းသွားအောင် လေ့လာသုံးသပ်ခဲ့တယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး ကျမတို့မှာ တာဝန်တွေရှိနေတာနဲ့အမျှ ကျမတို့ရဲ့ အလေးအနက်စိုးရိမ်ပူပန်မှုတွေရှိနေသလို လုံခြုံရေးနဲ့ လူ့ဘဝရှင်သန်ရပ် တည်ရေးဆိုင်ရာ အခြေအနေတွေဟာ ဆိုးရွားဆုတ်ယုတ်လာနေတယ်။”
နိုဝင်ဘာ ၂ ရက်က ထိုင်းနိုင်ငံကို လာရောက်တဲ့ခရီးစဉ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ်အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးတာကိုခွင့်ပြုဖို့ စစ်ကောင်စီကို တောင်းဆိုတယ်လို့လည်း ပြောပါတယ်။
မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခမစ္စတာရှောင်တာနယ်ကို စစ်ကောင်စီ တရားရုံးက တရားစွဲဆို ပြစ်ဒဏ်ချမှတ်တာကို လက်မခံဘူးလို့လည်း ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ရှောင်တာနယ်ကို နိုင်ငံတော်လျှို့ဝှက်ချက် ဖောက်ဖျက်မှုနဲ့ ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာ စစ်ကောင်စီတရားရုံးက ထောင်ဒဏ် (၃)နှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
မစ္စတာရှောင်တာနယ် လွတ်မြောက်ရေးဟာ ဩစတြေးလျရဲ့ အဓိကဦးစားပေးကိစ္စတစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း ပန်နီဝေါင်းက ပြောပါတယ်။
“ပရော်ဖက်ဆာ တာနယ်ဟာ ကျမတို့အတွက် ပထမဦးစားပေး၊ အဓိက ဦးစားပေး ဖြစ်ပါတယ်။ ပရော်ဖက်ဆာတာနယ်အပေါ် မြန်မာတရားရုံးကချမှတ်တဲ့ အပြစ်ဒဏ်ကို ကျမတို့ လက်မခံဘူးဆိုတာကိုလည်း လူသိရှင်ကြား ကျမ ကြေညာခဲ့ပြီးပါပြီ။”
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဩစတြေးလျက ထောက်ခံအားပေးကြောင်းနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်ဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီး ပန်နီဝမ်က ပြောပေမဲ့ ဘယ်လို ပိတ်ဆို့မှုတွေကို ဘယ်အချိန်တွေမှာ ချမှတ်ဆောင်ရွက်သွားမယ်ဆိုတာကိုတော့ အသေအချာပြောပြခြင်းမရှိခဲ့ပါဘူး။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး မြန်မစစ်ဗိုလ်ချုပ် ၅ ယောက်ကို ၂၀၁၈ ခုနှစ်မှာ ဩစတြေးလျက စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်းမှာတော့ အနောက်နိုင်ငံတွေလို မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု အသစ်တွေ ထပ်မံချမှတ်တာကို ဩစတြေးလျက မလုပ်ခဲ့ပါဘူး။
မြန်မာစစ်ကောင်စီကလည်း သူတို့ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို သူတို့မဟုတ်သလို ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ သဘောတူညီထားခဲ့တဲ့ မြန်မာနိုင်ငံပြန်လည်တည်ငြိမ်အေးချမ်းရေးဆိုင်ရာ သဘောတူညီချက်တွေကို မြန်မာစစ်ကောင်စီက လိုက်နာဆောင်ရွက်ခဲ့ခြင်းမရှိတာကို သိနေပေမဲ့ အဲဒီသဘောတူညီချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ မြန်မာစစ်တပ်ကို ဆက်လက်ဖိအားပေးသွားမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ အာဆီယံက ပြောခဲ့ပါတယ်။