အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရှိနေပေမယ့် ဗင်နီဇွဲလားနိုင်ငံဟာ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး စီးပွားရေးတိုးတက်မှုကို တွန်းတင်ပေး နိုင်မယ့် အစီအစဉ်တွေကိုလည်း အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက CCTV တရုတ်သတင်းဌာနနဲ့ သီးသန့် အင်တာဗျူးမှာ ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံရဲ့ စီးပွားရေးဟာ ၂၀၂၂ ခုနှစ်ရဲ့ ပထမ သုံးလပတ်အတွင်း ၁၇ ဒသမ ၀၄ ရာခိုင်နှုန်း အထိ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာခဲ့သလို ပုဂ္ဂလိကကဏ္ဍမှာလည်း အဲ့ဒီကာလအတွင်း ၁၈ ဒသမ ၇ ရာခိုင်နှုန်း ပြန်ကောင်းမွန်လာတယ်လို့ ဆိုပါတယ်။
သူ့နိုင်ငံဟာ စီးပွားရေးလုပ်ဆောင်မှုတွေ အဆင့်တိုးတက်လာတာကို မကြာသေးခင်က ကြုံထားကြောင်း ဗင်နီဇွဲလားမြို့တော် ကရာကတ်စ်မှာ ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မာဒူရိုက ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံ စီပွားရေးနဲ့ လူမှုအဖွဲ့အစည်းအပေါ်မှာ အမေရိကန်က ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကြောင့် ခက်ခဲတဲ့ကာလကို ကျော်ဖြတ်ပြီးတဲ့နောက်မှာပဲ ကိုယ်ပိုင် စီးပွားရေးလှုံ့ဆော်မှု အစီအစဉ်နဲ့အတူ ကိုယ်ပိုင်လမ်းကြောင်းတခုကို လျှောက်လှမ်း နေနိုင်ပြီ ဖြစ်ကြောင်းနဲ့ ပြီးခဲ့တဲ့ ပထမ ၃ လပတ်ကာလမှာ ဗင်နီဇွဲလားနိုင်ငံအနေနဲ့ ၁၇ ရာခိုင်နှုန်းအထိ စီးပွားရေး တကယ်တိုးတက်လာတာကို မြင့်တွေခဲ့ရပြီးပြီလို့ မာဒူရိုက ဆိုပါတယ်။
အမေရိကန်နိုင်ငံဟာ ဗင်နီဇွဲလားနိုင်ငံအပေါ်မှာ အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီး နိုင်ငံရဲ့ ငွေကြေးဆိုင်ရာ ပိုင်ဆိုင်မှုတွေအပြင် ငွေကြေးနဲ့ မသက်ဆိုင်တဲ့ ပိုင်ဆိုင်မှုတွေကိုလည်း တရားမဝင် သိမ်းယူနေတယ်ဆိုပြီး ဗင်နီဇွဲလားသမ္မတက ပြောပါတယ်။
မွန်ပြည်နယ်အထွက်နဲ့ ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ကျေးရွာအနီး ရန်ကုန်- မော်လမြိုင် ကားလမ်းမအပေါ်မှာ သြဂုတ် ၁၇ ရက်နေ့ ညနေ ၄ နာရီကစပြီး ကားလမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေတယ်လို့ ယာဉ်မောင်းတွေက DVB ကို ပြောပါတယ်။
အဲဒီကားလမ်း ပိတ်ဆို့မှုဟာ စစ်ကောင်စီ ညောင်ခါးရှည် ဓာတ်ရောင်ခြည်စစ်ဆေးရေးဂိတ်ကနေ ဆင်းလာတဲ့ ကားတွေနဲ့ မော်လမြိုင်ဘက်က တက်လာတဲ့ကားတွေ မျက်နှာချင်းဆိုင်ဆုံပြီးနောက် ကားလမ်းနှစ်ထပ် ဖြစ်သွားတဲ့အတွက် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်နေတာပါ။
ကားလမ်းပိတ်ဆို့မှုဟာ ည ၇ နာရီအချိန်ထိ ဆက်လက် ပိတ်ဆို့နေတဲ့အတွက် ကုန်ကားအပါအဝင် ခရီးသွားကား ၅၀၀ ထက်မနည်း ရပ်တန့်နေရတာပါ။
ကားပိတ်ဆို့နေတဲ့အချိန်မှာပဲ ကုန်ကားတစီး လမ်းဘေးထွက်ကျပြီး ကန့်လန့်ဖြစ်တာကြောင့် ယာဉ်တွေ ဆက်သွားလို့ မရတော့ဘူးလို့ သိရပါတယ်။
“အဲဒီနေရာမှာက နေ့တိုင်းနီးပါး ကားလမ်းပိတ်နေတာ၊ အဓိကကတော့ စစ်ဆေးရေးဂိတ်ကနေ ကားတစီးချင်း လွှတ်နေတာ ယာဉ်တွေ ဆုံပြီး လမ်းပိတ်သွားတယ်၊ အခုအကုန်ဒုက္ခနေတယ်၊ ဆက်သွားလို့လည်း မရဘူး၊ ကားတန်းက တစ်မိုင်လောက် ရှိမယ်”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။
ကားလမ်းပိတ်ဆို့နေတဲ့အတွက် ခရီးထပ်ဆက်လို့ မရမှာကို ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေကို စိုးရိမ်နေကြတာပါ။ ကားလမ်းပိတ်ဆို့မှုကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက လာရောက်ကူညီပေးကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။