ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် မေဓာဝီလမ်းဆုံမှာ ဇွန်လ ၁၉ ရက်နေ့က ချိတ်ဆွဲခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ပိုစတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေက အနားမှာတွေ့တဲ့ ဆိုင်ကယ်ကယ်ရီသမားနဲ့ ဈေးသည် ၅ ယောက်ထက်မနည်းကို ဖမ်းဆီးသွား ပါတယ်။
“Happy Birthday အမေစု”လို့ ရေးသားထားတဲ့ အဲဒီပိုစတာကို ဇွန်လ ၁၉ ရက်နေ့ မနက်အစောပိုင်းမှာ ချိတ်ဆွဲထားတာဖြစ်ပြီး ဘယ်သူ ချိတ်ဆွဲသွားတယ်ဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ နေ့ခင်းပိုင်းမှာတော့ စစ်ကောင်စီလက်နက်ကိုင်တွေရောက်ရှိလာခဲ့ပြီး အဲဒီအနီးနားမှာတွေ့တဲ့ ဆိုင်ကယ် ကယ်ရီဆွဲသူတွေနဲ့ ဈေးသည် စုစုပေါင်း ၅ ယောက် ထက်မနည်းကို ဖမ်းဆီးသွားကာ မြောက်ဥက္ကလာ ရဲစခန်း (၉) မှာ ထိန်းသိမ်းထားတယ်လို့ ဒေသခံက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ပိုစတာချိတ်ဆွဲသူတွေလည်း မဟုတ်ကြသလို မိသားစုတွေနဲ့လည်း တွေ့ဆုံခွင့်မရသေးဘူးလို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြောက်ဥက္ကလာ ရဲစခန်း (၉) ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဇွန်လ ၁၉ ရက်နေ့က တာဝန်ကျတဲ့တာဝန်မှူးသာ သိနိုင်မှာဖြစ်ပြီး အဲဒီကိစ္စကို သူ မသိဘူးလို့ ဒီနေ့ တာဝန်ကျတဲ့ တာဝန်မှူးက ဒီဗွီဘီကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဇွန်လ ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် နိုင်ငံတဝန်းမှာ ပန်းသပိတ်ဆင်နွှဲခဲ့ကြရတာမှာ ပန်းရောင်းသူတွေနဲ့ ပန်းဝယ်သူတွေ ခြိမ်းခြောက်ခံရတာ ပန်းပန်တဲ့ အမျိုးသမီးငယ်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲရလဒ်အပြတ်အသတ်နဲ့ အနိုင်ရရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဖွဲ့စည်းမယ့် အစိုးရသစ်အား ထောက်ခံကြောင်း ဗီနိုင်း ပိုစတာတွေကို နေအိမ်အလိုက်၊ လမ်းအလိုက် ချိတ်ဆွဲလာနေကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူး မုံရွာအောင်ရှင်က "ထောက်ခံတာက ရှိတာပဲလေ။ ကန့်ကွက်တာလည်း ရှိတာပဲ။ ကျနော်တို့ပါတီ (NLD) အနေနဲ့ကတော့ အလွန်အကျွံမဖြစ်ဖို့ နှုတ်အားဖြင့် ညွှန်ကြားထားတာရှိပါတယ်" လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ ရွေးကောက်ပွဲကော်မရှင် ကန့်ကွက်ပွဲနဲ့ တပ်မတော်ကို ထောက်ခံပွဲတွေ ပြုလုပ်လာနေချိန်မှာ အစိုးရအသစ်အား ထောက်ခံကြောင်း ပိုစတာတွေသာမက နေအိမ်တွေမှာ NLD အလံတွေ ချိတ်ဆွဲလာနေကြပါတယ်။
အစိုးရအသစ်ကို ထောက်ခံကြောင်း ပိုစတာချိတ်ဆွဲသူတစ်ဦးက ကိုဗစ်ကာလ ဖြစ်တာကြောင့် လမ်းပေါ်မထွက်ဘဲ နေအိမ်မှပဲ မိမိဆန္ဒကို ထုတ်ဖော်တာလို့ ပြောပါတယ်။
Photo - MPA Team