ပိုလန်နိုင်ငံရှိ မိဘမဲ့ဂေဟာတခုကို မေ ၉ ရက် နှောင်းပိုင်းက အမျိုးသားတဦး ဝင်ရောက်လာခဲ့ပြီး ဓားနဲ့တိုက်ခိုက်မှုအတွင်း အသက် ၁၆ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေး ၁ ဦး သေဆုံးပြီး တခြားလူ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အလယ်ပိုင်းမြို့ဖြစ်တဲ့ လော့ဒ်ဇ်မြို့ရှိ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ မေ ၉ ရက်က ဂရင်းနစ်စံတော်ချိန် ၂၁ နာရီမှာ လော့ဒ်ဇ်မြို့အနီးရှိ တိုမစ်စ်-လာဝစ်ချေရွာရှိ မိဘမဲ့ဂေဟာကို အသက် ၁၉ နှစ်အရွယ် အမျိုးသားတဦး ဝင်ရောက်လာပြီး ဒေသခံတွေကို ချွန်ထက်တဲ့အရာနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာနေတာ ဆိုဘီယေရာဂျ်က ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် လူ ၅ ဦးကို ဆေးရုံတင်ထားရပြီး သူတို့ရဲ့ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုဘီယေရာဂျ်က ပြောပါတယ်။ တခြားလေးဦးကိုတော့ အခင်းဖြစ်နေရာမှာ ကုသပေးခဲ့ပါတယ်။
မိဘမဲ့ဂေဟာက တခြားမိန်းကလေးတွေလည်း စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုကို ခံယူထားကြောင်း ရှဲ့ရားဒ်စ်ခရိုင်အုပ်ချုပ်ရေးမှူး မာရီယူစ် ဘာ့ဒ်ဂျောက ပြောပါတယ်။
အခင်းဖြစ်ပွားပြီး ၁ နာရီလောက်အကြာမှာ တိုက်ခိုက်သူကို သူနေထိုင်တဲ့နေရာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး ခုခံတုံ့ပြန်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဖမ်းခံရချိန်မှာ အရက်မူးနေတာ မရှိပေမဲ့ ရဲတွေက မူးယစ်ဆေးဝါးအတွက် စစ်ဆေးနေတယ်လို့ ဆိုဘီယေရာဂျ်က ပြောပါတယ်။
အစိုးရရှေ့နေတွေဟာ တိုက်ခိုက်သူနဲ့ သေဆုံးသူ ဆယ်ကျော်သက်မိန်းကလေးတို့ရဲ့ ဆက်နွှယ်မှု အပါအဝင် သေဆုံးသူရဲ့ နောက်ဆုံးကာလ အစိတ်အပိုင်းအားလုံးကို စုံစမ်းစစ်ဆေးနေကြောင်း ခရိုင်အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူ ယိုလန်တာ စကိလ်န်ရှ် က ပြောပါတယ်။
တိုက်ခိုက်သူဟာ မိန်းကလေးရဲ့ ရည်းစားဟောင်းဖြစ်ကြောင်း အစိုးရပိုင် PAP သတင်းဌာနက သူ့ရဲ့သတင်းရင်းမြစ်ကို အမည်မဖော်ဘဲ ထုတ်ပြန်ပါတယ်။
PAP ရဲ့ အဆိုအရ သူဟာ ပြတင်းပေါက်ကနေ မိန်းကလေးရဲ့ အခန်းထဲကို ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်သူရဲ့ အထောက်အထားကို ရိုက်တာက ချက်ချင်း အတည်မပြုနိုင်သေးပါဘူး။
တိုက်ခိုက်မှုဖြစ်ပွားချိန်မှာ ဝန်ထမ်း ၁ ဦး အပါအဝင် လူ ၁၃ ဦးဟာ မိဘမဲ့ဂေဟာမှာ ရှိနေခဲ့ပါတယ်။
ပိုလန်နဲ့ဟန်ဂေရီတို့က ယူကရိန်းဆန်တင်သွင်းမှုအပေါ် တားမြစ်ပိတ်ပင်မှုကို ဥရောပသမဂ္ဂ (အီးယူ)က ဧပြီ ၁၆ ရက်မှာ ပယ်ချခဲ့ပြီး တဖက်သတ်လုပ်ဆောင်ချက်တွေကို လက်မခံနိုင်ကြောင်းလည်း ပြောကြားလိုက်ပါတယ်။
ပိုလန်နဲ့ ဟန်ဂေရီအစိုးရတွေဟာ ယူကရိန်းက အစေ့အဆန်တွေနဲ့ တခြားစားသောက်ကုန်တွေ တင်သွင်းတာကို တားမြစ်မှာဖြစ်ကြောင်း စနေနေ့မှာ အသီးသီးကြေညာခဲ့ပြီး သူတို့ရဲ့ ပြည်တွင်းလယ်ယာကဏ္ဍတွေကို စျေးပေါတဲ့သွင်းကုန်တွေကနေ ကာကွယ်ဖို့လိုအပ်ကြောင်း ဆိုပါတယ်။ အဲဒီတားမြစ်ချက်တွေဟာ ဇွန်လ ၃၀ ရက်မှာ အသက်ဝင်မယ်လို့ မျှော်လင့်ရပါတယ်။
ဒီလုပ်ဆောင်မှုကို တုံ့ပြန်တဲ့အနေနဲ့ အီးယူက ကုန်သွယ်ရေးမူဝါဒကို ချမှတ်တာဟာ အဖွဲ့ဝင်နိုင်ငံ တခုချင်းအပေါ် မမူတည်ကြောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းဟာ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ အကျပ်အတည်း ဖြစ်ခဲ့ကတည်းက သူ့ရဲ့ လယ်ယာထွက်ကုန်အများစုကို ပင်လယ်နက်ဆိပ်ကမ်းတွေကတဆင့် တင်ပို့နိုင်ခြင်း မရှိခဲ့ပါဘူး။
မနှစ် သြဂုတ်လမှာ ကုလသမဂ္ဂက ညှိနှိုင်းပေးတဲ့ သဘောတူညီချက်ကြောင့် အရှေ့ဥရောပကတဆင့် တခြားနိုင်ငံတွေနဲ့ ဒေသတွေဆီ ယူကရိန်းဆန်တင်ပို့မှုကို ပြန်စတင်ခဲ့တာပါ။
ဒါပေမဲ့ သယ်ယူပို့ဆောင်ရေး ပိတ်ဆို့မှုတွေကြောင့် ပိုလန်နဲ့ ဟန်ဂေရီတို့ အပါအဝင် အရှေ့ဥရောပနိုင်ငံတချို့ရဲ့ စိုက်ပျိုးရေးဈေးကွက်တွေမှာ ပုံအောပိုလျှံနေခဲ့တာကြောင့် ဒေသတွင်း လယ်ယာထွက်ကုန်စျေးနှုန်းတွေကျဆင်းတာနဲ့ တောင်သူတွေအကြား ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။