close

ပိုလီယိုကာကွယ်ဆေးထိုးလုပ်သား

close

June 16, 2021

အာဖဂန်တွင် ပိုလီယိုကာကွယ်ဆေးထိုးလုပ်သား ၄ ဦး အသတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ဂျလာလာဘတ်မြို့တွင်း ၃ နေရာမှာ သီးခြားတိုက်ခိုက်မှုတွေ အတွင်း ပိုလီယိုကာကွယ်ဆေးထိုးနှံရေးလုပ်သား ၄ ယောက် အသတ်ခံရပြီး တခြားလူ ၃ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်ကျန်းမာရေးဌာန အရာရှိတယောက်က ဇွန် ၁၅ ရက်မှာ ပြောပါတယ်။

တာလီဘန်တွေနဲ့ အာဖဂန်အစိုးရတို့ အရင်နှစ်က ဒိုဟာမြို့မှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကတည်းက အစိုးရဝန်ထမ်းတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ မီဒီယာတွေနဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းဝင်တွေကို ပစ်မှတ်ထား အကြမ်းဖက်တဲ့လှိုင်းတွေဟာ မြို့လယ်ကောင်အထိ ရိုက်ခတ်လာခဲ့တယ်လို့ ရိုက်တာမှာ ဖော်ပြထားပါတယ်။

သေနတ်သမားတွေဟာ မတ်လကလည်း ဂျလာလာဘဒ်မြို့က ပိုလီယို ကာကွယ်ဆေးထိုးနှံရေး အမျိုးသမီးဝန်ထမ်း ၃ ယောက်ကို သတ်ဖြတ်ခဲ့ပါသေးတယ်။ ဒါကြောင့် ကျန်းမာရေးလုပ်သားတွေဟာ လုပ်ငန်းစဉ်တွေ ဆိုင်းငံ့ပြီး လုံခြုံရေး ယူခဲ့ရတာပါ။ 

ဇွန် ၁၅ ရက်နေ့ တိုက်ခိုက်မှုအတွက် ဘယ်သူကမှ တာဝန်မခံကြသေးပေမဲ့ အာဖဂန်အစိုးရကို ဖြုတ်ချရေး တိုက်ပွဲဝင်နေတဲ့ တာလီဘန်တွေကတော့ သူတို့လက်ချက်မဟုတ်ဘူးလို့ အရင်တိုက်ခိုက်မှုတွေကတည်းက ငြင်းဆိုထားပါတယ်။

တိုက်ခိုက်မှုတွေကို ရဲတွေက စုံစမ်းစစ်ဆေးနေတယ်လို့ နန်ဂဟာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းဟာ ကာကွယ်ဆေးထိုးတာကို ဆန့်ကျင်ပါတယ်။ စစ်သွေးကြွတွေကလည်း ကျန်းမာရေးလုပ်သားတွေကို အနောက်နိုင်ငံတွေက သူလျှိုထောက်ဖို့ မျက်နှာဖုံးအဖြစ် အကာအကွယ်ယူထားတဲ့သူတွေလို့ အခိုင်အမာပြောရင်း မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။

6 mins Ago
Up