နယူးယောက်ပြည်နယ်ရဲ့ ကောင်တီနယ်မြေ ၄ ခုရှိ ရေဆိုးနမူနာတွေမှာ ပိုလီယိုရောဂါ ဗိုင်းရပ်စ်ပိုး ကို တွေ့ရှိပြီးနောက်မှာ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Kathy Hochul ဟာ ဒေသခံတွေကို ပိုလီယိုကာကွယ်ဆေး ထိုးနှံဖို့ အရှိန်အဟုန်မြှင့် ကြိုးပမ်းနေပြီး စက်တင်ဘာ ၉ ရက်မှာ သဘာဝဘေးအန္တရာယ် အရေးပေါ်ကြေညာခဲ့ပါတယ်။
နယူးယောက်မြို့ရဲ့ Queens ရပ်ကွက်နဲ့ကပ်လျက်မှာရှိတဲ့ Long Island ကျွန်းဧရိယာထဲက Nassau ကောင်တီကနေ ရတဲ့ နမူနာတွေထဲမှာ ပြီးခဲ့တဲ့လက ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပြီးနောက်မှာ Hochul ရဲ့ အုပ်ချုပ်မှုအမိန့်ကို ထုတ်ပြန်လာတာပါ။
အခုနှစ်အစောပိုင်းက မြို့တော်မြောက်ဘက်ရှိ Rockland၊ Orange နဲ့ Sullivan ကောင်တီတွေက နမူနာတွေထဲမှာ ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပါတယ်။
ဇူလိုင်လတုန်းက အမေရိကန်နိုင်ငံမှာ ဆယ်စုနှစ်တခုနီးပါးအတွင်း ပထမဆုံး ပိုလီယို ရောဂါဖြစ်ပွားမှုကို ရော့လန်းကောင်တီရှိ အရွယ်ရောက်ပြီးသူ တဦးဆီမှာ တွေ့ရှိခဲ့ရကြောင်း ပြည်နယ်ကျန်းမာရေးဌာနကနေ သိရပါတယ်။
ဗိုင်းရပ်စ်ဟာ အဓိကအားဖြင့် အသက် ၃ နှစ်နဲ့ အောက် ငယ်တဲ့ ကလေးတွေကို ထိခိုက်စေပေမယ့် အသက်အရွယ်အားလုံးရှိ လူတွေကို ခြိမ်းခြောက်နေပါတယ်။
အရေးပေါ်အခြေအနေဟာ အောက်တိုဘာ ၉ ရက်အထိ အသက်ဝင်မှာဖြစ်ပါတယ်။ နေထိုင်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက ရည်မှန်းချက်ချမှတ်ထားပါတယ်။
နယူးယော့ခ်စီးတီး၊ Rockland၊ Orange၊ Sullivan နဲ့ Nassau ခရိုင်တွေရှိ ပြည်သူတွေဟာ အန္တရာယ်အများဆုံးဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
နယူးယောက်မြို့အပြင်ဘက်မှာ ပိုလီယိုရောဂါဖြစ်ပွားမှု တခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း နယူးယောက်ပြည်နယ်ကျန်းမာရေးဌာနက ဇူလိုင် ၂၁ ရက်က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ၁၀ နှစ်နီးပါးအတွင်း ပိုလီယိုရောဂါ ပထမဆုံးအကြိမ်ပြန်လည် ဖြစ်ပွားမှုလို့ ဆိုပါတယ်။
ဒီအခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကာကွယ်ဖို့၊ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာနနဲ့ စီဒီစီ- ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ ရော့က်လန်း ကောင်တီ ကျန်းမာရေး ကော်မရှင်နာ ပက်ထရစ်ရှာ ရှနေးဘဲလ် ရပ်ပါ့ထ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၉၇၉ ခုနှစ် ကတည်းက အမေရိကန်ပြည်ထောင်စုမှာ ပိုလီယိုရောဂါဟာ ဘာမှ အစပြု ဖြစ်ပွားခြင်း မရှိခဲ့ဘူးလို့ စီဒီစီ က ပြောပါတယ်။
ဒါပေမဲ့လည်း ပိုလီယိုရောဂါ ရှိနေတဲ့ ခရီးသွားတွေက နိုင်ငံတွင်းကို ဗိုင်းရပ်စ်ကို သယ်ဆောင်လာခဲ့ပါတယ်။
နောက်ဆုံးအကြိမ်က ၂၀၁၃ ခုနှစ်မှာဖြစ်ပြီး အိန္ဒိယနိုင်ငံကနေ အမေရိကန်ကို ပြောင်းရွှေ့ နေထိုင်တဲ့ အသက် ၇ လအရွယ် ကလေးငယ်ဆီမှာ ပိုလီယိုရောဂါ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
ပိုလီယိုရောဂါလက္ခဏာတွေထဲမှာ လည်ချောင်းနာခြင်း၊ အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်တာနဲ့ ပျို့အန်ခြင်းစတဲ့ တုပ်ကွေးလို လက္ခဏာတွေ ပါဝင်ကြောင်း CDC မှ ပြောကြားခဲ့ပါတယ်။