close

ပို့ကုန်သွင်းကုန်အမှု

close

December 20, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ်စွဲထားသည့် ပို့ကုန်သွင်းကုန်အမှု အမိန့်မချသေးဘဲ ရက်ရွှေ့ဆိုင်း

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက တရားစွဲဆိုထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မနဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မအမှုတွေကို အပြီးသတ်အမိန့်ချဖို့  တရားရုံးက  ရက်ရွှေ့ ဆိုင်းလိုက်ပါတယ်။ 

အဆိုပါအမှုတွေကို ဆက်လက်စစ်ဆေးဖို့ တရားရုံးက အကြောင်းပြချက်မပေးဘဲ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့  ရက်ရွှေ့ဆိုင်းခဲ့တယ်လို့ ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ရုံးချိန်းအပြီးမှာ တရားရုံးနဲ့နီးစပ်သူတွေက အတည်ပြုပြောပါတယ်။

မူလက ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့ ပို့ကုန်သွင်းကုန်ပုဒ်မနဲ့ ဆက်သွယ်ရေးပုဒ်မတွေကို တရားရုံးက အပြီးသတ်အမိန့်ချဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားစွဲဆိုထားတဲ့ သဘာဝဘေးပုဒ်မတစ်ခုအတွက် မန္တလေးတိုင်းဝန်ကြီးချုပ်‌ ဒေါက်တာဇော်မြင့်မောင်ကို သက်သေအဖြစ် လူကိုယ်တိုင်ထွက်ဆိုခွင့်ပေးဖို့ ရှေ့နေအဖွဲ့က အကြံပြုခဲ့ပေမဲ့  တရားရုံးကပယ်ချပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာ  ဗီဒီယိုကွန်ဖရန့်နဲ့သာ သက်သေခံချက်ရယူဖို့ တရားရုံးက ဒီနေ့မှာ အမိန့်ချခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းကိုတက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ  ကျန်းမာရေးကောင်းမွန်တဲ့ အနေအထားမှာရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို  စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက တက္ကသိုလ်ရိပ်သားလမ်းနေအိမ်အနီး ပုရဝုဏ်အသုံးပြုမှုနဲ့ပတ်သက်တဲ့အမှုကို ဒီဇင်ဘာ ၁၇ ရက်က  နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

ဒီဇင်ဘာ ၆ ရက် ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိတရားရုံးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပေမယ့် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ စစ်ခေါင်းဆောင်က ထောင်ဒဏ် ၄ နှစ်ကနေ ၂ နှစ်ကို လျှော့ချပြီး သက်သာခွင့်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီနေ့အထိ အမှု ၁၃ မှုနဲ့တရားစွဲခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက ၂ မှုကို ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါတယ်။

5 mins Ago

September 20, 2021

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပေါ် စွဲဆိုထားသည့် ပို့ကုန်သွင်းကုန်အမှု နောက်တိုး သက်သေတင်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီကနေ စွဲဆိုထားတဲ့ အမှုတွေထဲကနေ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၆၇ နဲ့ စွဲဆိုထားတဲ့အမှုအတွက် ယနေ့ ရုံးချိန်းမှာ တရားလိုတွေဘက်က နောက်တိုး သက်သေထပ်တင်လိုက်တယ်လို့ သူ့ရဲ့ရှေ့နေတွေက ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက် ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ရုံးထုတ် စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ရှေ့နေဒေါ်မင်းမင်းစိုးက “အမေစုကိုစွဲထားတဲ့ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုကို အမှုစစ်ကို စစ်တယ်။ တရားလိုပြသက်သေတွေကတော့ အကုန်လုံးပြီးသွားပြီ။ စစ်ပြီးတဲ့အခါမှာ သူတို့ဘက်က နောက်တိုးသက်သေတင်တဲ့အတွက်ကြောင့် ကျမတို့ဘက်က ကန့်ကွက်တယ်။ နှစ်ဖက်လျောက်လဲချက်ကို နောက်ရုံးချိန်းမှာ ပေးမယ်ဆိုပြီး ချိန်းတယ် ” လို့ ပြောပါတယ်။

ဒါအပြင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ အမှုကိုစစ်ဆေးခဲ့ပေမယ့် မပြီးသေးဘဲ သက်သေခံစာရွက်ကို မိတ္တူကူးဖို့ လိုအပ်နေလို့ဆိုပြီး နောက်ရုံးချိန်းမှာ ဆက်လက်စစ်ဆေး မယ်လို့ သိရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုမှာလည်း တရားလိုပြသက်သေမလာတဲ့အတွက် မစစ်ဖြစ်ဘဲ နောက်ရုံးချိန်းမှာ ဆက်လက် စစ်ဆေးမယ်လို့ ဆိုပါတယ်။

ဒီနေ့ ရုံးချိန်းမှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ အမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေတွေ အားလုံးကို စစ်ဆေးပြီးသွားပြီဖြစ်တဲ့အတွက် စွဲချက်လျောက်လဲချက် နှစ်ဖက်ကြားနာဖို့ကိုလည်း နောက်ရုံးချိန်းမှာ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

အမှုတွေအတွက် နောက်ရုံးချိန်းကို စက်တင်ဘာလ ၂၇ ရက်နေ့ကို ပြန်လည်ချိန်းဆိုထားပါတယ်။

3 months Ago
Up