close

ပို့ကုန်သွင်းကုန်

close

May 4, 2023

ကုန်သွယ်မှုလိုငွေ မဖြစ်အောင် သွင်းကုန်များ စိစစ်တင်သွင်းရန် စစ်ခေါင်းဆောင် ထပ်မံညွှန်ကြား

ကုန်သွယ်မှုလိုငွေ မဖြစ်အောင် သွင်းကုန်တွေကို စိစစ်တင်သွင်းဖို့  ဧပြီ ၂၈ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့  စီးပွားရေးရာ ကော်မတီအစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ထပ်မံညွှန်ကြားလိုက်ပါတယ်။

ကုန်သွယ်မှု လိုငွေ မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်းက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှ ပြည်ပက မတင်သွင်းဖို့နဲ့ အမှန်တကယ် ပြည်တွင်းမှာ မထုတ်လုပ်နိုင်တဲ့ ကုန်ပစ္စည်းတွေကိုသာ စိစစ်ပြီး တင်သွင်းဖို့ စစ်ခေါင်းဆောင်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်တဲ့ ညွှန်ကြားစာကို ကုန်သည်စက်မှုအသင်းချုပ် အပါအဝင် ပြည်တွင်း စီးပွားရေးလုပ်ငန်း အသင်းအဖွဲ့တွေ လိုက်နာဖို့  ဖြန့်ဝေခဲ့တယ်လို့လည်း သိရပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ကို လျှော့ချဖို့ ကားတင်သွင်းမှုကို ပိတ်ပင်ခဲ့ပြီး ဇိမ်ခံပစ္စည်းတွေ အပါအဝင် ပြည်ပကနေ မဖြစ်မနေ တင်သွင်းဖို့လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို  ထိန်းချုပ်ခဲ့ပါတယ်။

အရင်က လွတ်လပ်စွာတင်သွင်းခွင့်ပေးထားတဲ့ သွင်းကုန်ပစ္စည်းတွေကိုပါ  ကုန်သွယ်ရေးလုပ်ငန်းတွေ စနစ်ကျ ဖို့ဆိုပြီး လိုင်စင်ပြန်လျှောက်ရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။ 

စစ်ကောင်စီက သွင်းကုန်တင်သွင်းမှုတွေကို စိစစ် ထိန်းချုပ်လိုက်တာကြောင့် သွင်းကုန်လိုင်စင်ရရှိဖို့ ခက်ခဲသွားပြီး လုပ်ငန်းကြန့်ကြာမှုတွေဖြစ်ပေါ်ကာ မလိုအပ်တဲ့ ကုန်ကျစရိတ်တွေတိုးလာတယ်လို့ လုပ်ငန်းရှင်တွေက ထောက်ပြကြပါတယ်။ 

“သွင်းကုန်လိုင်စင်ရဖို့ မလွယ်ဘူး။ အချိန်ပေးရတယ်။ ကုန်ပစ္စည်းပြတ်တော့ စားသုံးသူပဲ နစ်နာတယ်”လို့ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒေါ်လာလိုအပ်ချက်များနေတဲ့ စစ်ကောင်စီကတော့  ၂၀၂၂ ဧပြီလဆန်းပိုင်းက စပြီး ပို့ကုန်ရငွေ နိုင်ငံခြားငွေတွေကို ဗဟိုဘဏ်သတ်မှတ်စျေးနဲ့ မဖြစ်မနေ လဲလှယ်ရမယ်လို့သတ်မှတ်ခဲ့ပြီး ပို့ကုန်ရငွေနဲ့ သာ သွင်းကုန်တင်သွင်းခွင့်ပြုတဲ့ စနစ်ကို ပြန်လည်ကျင့်သုံးပြီး သွင်းကုန်တွေကို ရနိုင်သမျှ ပိတ်ပင်ကန့်သတ်ထားပါတယ်။

32 mins Ago

June 27, 2022

မြန်မာ့ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပြနေ

လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇွန် ၁၇  ရက်အထိ  နှစ်လ ကျော်ကာလအတွင်း မြန်မာ့ ပို့ကုန်ထက် သွင်းကုန်တင်သွင်းမှုတန်ဖိုးမြင့်တက်ခဲ့တာကြောင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ဖြစ်ပေါ်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

အဆိုပါ ကာလအတွင်း ပြည်ပကို ပို့ကုန်တင်ပို့မှု ပမာဏက အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၀၈ ဘီလီယံရှိပြီး၊ သွင်းကုန်တင်သွင်းမှု ပမာဏက အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၅၀ ဘီလီယံအထိ ရှိပါတယ်။

ဒါကြောင့် လက်ရှိဘဏ္ဍာနှစ် နှစ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုကဏ္ဍမှာ ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ သန်း ၁၄၀ ကျော် ပြနေတာဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ် ကာလတူမှာတော့ ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာသန်း ၅၀ ကျော် သာဖြစ်ခဲ့ပါတယ်။

လက်ရှိဘဏ္ဍာနှစ် နှစ်လကျော် ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု စုစုပေါင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၅၈ ဘီလီယံရှိကာ   အရင်နှစ် ကာလတူနဲ့နှိုင်းယှဉ်ရင်  နယ်စပ်ကုန်သွယ်မှာမှာ ကန်ဒေါ်လာ သန်း ၃၄၀ ကျော် လျော့ကျခဲ့ပြီး၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၃၁၁ ဘီလီယံကျော် မြင့်တက်လာပါတယ်။

အဆိုပါကာလအတွင်း ပို့ကုန်ကဏ္ဍ ၇ ခုမှာ  လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနဲ့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုတို့ မြင့်တက်ခဲ့ပြီး၊ သတ္တုတွင်းထွက်ပစ္စည်း ၊ရေထွက်ပစ္စည်းနဲ့ တခြားပစ္စည်း တင်ပို့မှုတွေ လျော့ကျခဲ့ပါတယ်။

သွင်းကုန်ကဏ္ဍ ၄ ခုကတော့  ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုမှာ ကန်ဒေါ်လာ သန်း ၃၀၀ ကျော် တန်ဖိုးလျော့ကျခဲ့ပေမဲ့ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စည်းနဲ့ CMPပစ္စည်း တင်သွင်းမှုမှာ အရင်နှစ် ကာလတူထက် မြင့်တက်နေတာကိုစစ်ကောင်စီ ကုန်သွယ်ရေး စာရင်းအရသိရပါတယ်။ 

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အရေးကြီးကုန်စည်မဟုတ်တဲ့ မော်တော်ယာဉ် တင်သွင်းမှုကို ကန့်သတ်ခဲ့ပြီး၊ ပြည်တွင်းလိုအပ်ချက်များတဲ့ စားအုန်းဆီနဲ့ စက်သုံးဆီ အပါအ၀င် သွင်းကုန်တွေ တင်သွင်းမှုတွေ အပေါ်မှာလည်း မူ၀ါဒချမှတ် ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေးဌာနက ထုတ်ပြန်ထားတဲ့ ယာယီစာရင်းအရ နိုင်ငံပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့ ကာလတွေ ဖြစ်တဲ့ ၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၅ ဒသမ ၂၁ ဘီလီယံ၊ ၂၀၁၇−၂၀၁၈ မှာ ၃ဒသမ ၈၁၁ ဘီလီယံ၊  ၂၀၁၈ မီနီဘတ်ဂျတ်မှာ  ၁ ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉မှာ ၁ ဒသမ ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ ဒသမ ၃၆၉ ဘီလီယံ အသီးသီး ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေပြမှု ပမာဏ နှစ်စဉ် လျော့နည်းကျဆင်းခဲ့ပါတယ်။ 

နောက်ဆုံး ထုတ်ပြန်တဲ့စာရင်းအရ ၂၀၂၀−၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ်မှု ပိုငွေ သန်း  ၆၇၀ ကျော်၊ ၂၀၂၁−၂၀၂၂ မီနီဘတ်ဂျတ်မှာ  ပိုငွေ ၁၆၉ သန်းကျော် အသီးသီး  ဖြစ်ပေါ်ခဲ့ပြီး အခုဘဏ္ဍာနှစ် ၂ လကျော်ကာလအတွင်းမှာတော့ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ကျော် ဖြစ်ပေါ်နေတာပါ။

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့  စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်သွယ်မှု ပိုငွေတွေ ပြနေတယ်လို့ သူ့ရဲ့ မိန့်ခွန်းတွေမှာ ထည့်သွင်းပြောကြားလေ့ရှိပါတယ်။

10 months Ago
Up