close

ပို့ကုန် သွင်းကုန် လုပ်ငန်း

close

February 15, 2023

ပို့ကုန်သွင်းကုန်သမားများနှင့် ဘဏ်များကို တင်းကျပ်ရန် ဗဟိုဘဏ်စိုင်းပြင်း

ကောလာဟလသတင်းတွေကြောင့် ပို့ကုန်၊ သွင်းကုန်သမားတွေနဲ့ ပုဂ္ဂလိကဘဏ်တွေက နိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်လာအောင် ဆောင်ရွက်နေတာကို သံသယဖြစ်ဖွယ် တွေ့ရှိရတယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

ဒီလိုလုပ်ဆောင်နေတာကို ဘဏ်တွေက ဝင်ရောက် ထိန်းကျောင်းပေးဖို့နဲ့ ဒေါ်လာစျေး ဆွဲတင်နေတဲ့ ပို့ကုန်၊ သွင်းကုန်သမားတွေကို ဖော်ထုတ်ပေးဖို့ကိုလည်း စစ်ကောင်စီ ဗဟိုဘဏ်က ဘဏ်တွေကို ညွှန်ကြားထားတာပါ။

ဝင်ရောက် ထိန်းကျောင်းပေးတာမရှိတဲ့ ဘဏ်တွေကို အရေးယူသွားမယ်လို့ ဗဟိုဘဏ်က သတိပေးထားပြီး ဒေါ်လာစျေး ဆွဲတင်နေတယ်လို့ ဖော်ထုတ်ရရှိတဲ့ ပို့ကုန်၊ သွင်းကုန်သမားတွေကို လည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။

မြန်မာပြည်တွင်း မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှန်းဟာ ၂၀၂၃ နှစ်စပိုင်းက စပြီး တရိပ်ရိပ် ပြန်လည်မြင့်တက်လာခဲ့တာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ နှောင်းပိုင်းမှာ တစ်ဒေါ်လာကို ၂၈၄၀ ကျပ် ဝန်းကျင်မှာရှိခဲ့ပြီး ဇန်နဝါရီလ ဒုတိယပတ်မှာတော့ ဒေါ်လာစျေးဟာ ၂,၈၈၀ ကျပ် ထိ မြင့်တက်ခဲ့ပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာတော့ ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေက ပြင်ပစျေးကွက်နဲ့အပြိုင် ဈေးပေး ဝယ်ယူနေတာကြောင့် ဒေါ်လာဈေး ပြန်တက်လာတာလို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အခုလ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ပြင်ပဈေးကွက်မှာတော့ အမေရိကန်ဒေါ်လာဈေးက တစ်ဒေါ်လာကို ၂၈၆၅ ကျပ် ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နေတာပါ။

စစ်ကောင်စီ ဗဟိုဘဏ်က ပြည်ပပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်း ၂၁၀၀ ကျပ်နဲ့ ကျပ်ငွေ မဖြစ်မနေ လဲစေပြီး ၃၅ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ လွှဲပြောင်း ရောင်းချခွင့်ရှိတယ်လို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။

အဲဒီ ပို့ကုန်ရငွေ မူဝါဒကြောင့် ပြည်ပပို့ကုန်တွေ နိုင်ငံတကာဈေးကွက်နဲ့ ယှဉ်ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ် ပို့ကုန်လုပ်ငန်းရှင်တွေက ထောက်ပြနေကြပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ ပို့ကုန်ရငွေနဲ့သာ သွင်းကုန်တင်သွင်းတဲ့စနစ်ကို ချမှတ်ထားပြီး သွင်းကုန်တွေကို ရနိုင်သမျှ ပိတ်ဆို့ကန့်သတ်ထားပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “သွင်းကုန်လိုင်စင်ရဖို့ တော်တော်ကြာတယ်။ ပို့ကုန်၊ သွင်းကုန် မျှအောင် ချမပေးတာလားတော့ မသိဘူး။ ကုန်ပစ္စည်းပြတ်တော့ စားသုံးသူပဲ နစ်နာတယ်။ ရေရှည်မှာ အခုလို တင်းကျပ်ထားတာ အလုပ်မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီ ချမှတ်ထားတဲ့ ကုန်သွယ်ရေးမူဝါဒတွေနဲ့ ငွေကြေးမူဝါဒတွေကြောင့် နိုင်ငံသားပိုင် လုပ်ငန်းတွေသာမက ပြည်တွင်းမှာ လာရောက်လုပ်ကိုင်နေကြတဲ့ ပြည်ပအခြေစိုက် စီးပွားရေးလုပ်ငန်းတွေပါ အခက်ကြုံနေရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလနှောင်းပိုင်းက မြန်မာနိုင်ငံအခြေစိုက် ကိုရီးယားကုန်သည်ကြီးများအသင်းဟာ သွင်းကုန်၊ ပို့ကုန်လိုင်စင် ဖြေလျော့ပေးရေး အပါအဝင် မြန်မာနိုင်ငံတွင်း စီးပွားရေးလုပ်ကိုင်ရာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးအခက်အခဲ၊ ဒေါ်လာငွေလဲလှယ်မှုနှုန်းနဲ့ ဈေးကွက်အခက်အခဲတွေ အကြောင်းကို ကုန်သည်စက်မူအသင်းချုပ်ကို လာရောက်တင်ပြခဲ့တယ်လို့ သိရပါတယ်။

အလားတူ မြန်မာနိုင်ငံအခြေစိုက် ဥရောပကုန်သည်ကြီးများအသင်း EuroCham Myanmar ကလည်းသွင်းကုန်လိုင်စင်တွေ ဖြေလျှော့ပေးရေး၊ တရားမဝင်ကုန်သွယ်မှုတွေကို ထိရောက်စွာ ကာကွယ်ပေးစေရေး အပါအဝင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံခြားငွေကြေး ဝယ်ယူဖို့၊ ထုတ်ယူဖို့နဲ့ ပြည်ပငွေပေးချေမှုတွေ ပြုလုပ်ဖို့၊ သွင်းကုန်လိုင်စင်ရရှိဖို့တို့အတွက် အခက်အခဲတွေ ရှိနေရုံသာမကပဲ နည်းပါးလှတဲ့ ပြည်တွင်း ဝယ်လိုအား၊ မြင့်တက်လာနေတဲ့ သွင်းအားစုစရိတ်တွေအကြားမှာ အကျိုးအမြတ် ဖြစ်ထွန်း နိုင်ဖို့ ရုန်းကန်နေကြရတယ်လို့လည်း ဖော်ပြထားပါတယ်။

15 mins Ago

January 30, 2023

မြန်မာ့ကုန်သွယ်မှုလိုငွေ ကျပ်သန်း ၅၀၀ ကျော်ရှိ

မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုမှာ ကုန်သွယ်မှုလိုငွေ ကျပ်သန်း ၅၀၀ ဝန်းကျင် ဆက်လက် ဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။

အခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဇန်နဝါရီလ တတိယပတ်ထိ ၁၀ လဝန်းကျင် ကာလမှာ ပြည်ပပို့ကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၆၄ ဘီလီယံကျော်ရှိပြီး သွင်းကုန်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၂၆ ဘီလီယံကျော် ပြန်လည်တင်သွင်းထားပါတယ်။ ပို့ကုန်တန်ဖိုးက သွင်းကုန်တန်ဖိုးထက် အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော် လျော့ကျနေတာပါ။

ကုန်သွယ်မှုကိန်းဂဏန်းတွေကို ဆန်းစစ်ကြည့်ရင် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း တင်သွင်းမှုက ပြီးခဲ့တဲ့နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ ၁၇၇ သန်းကျော် ပိုများပါတယ်။ ပုဂ္ဂလိကပိုင်း အနေနဲ့ တင်သွင်းမှုမှာ ပြီးခဲ့တဲ့နှစ်ထက် သန်း ၂၀၀ နီးပါး လျော့ကျခဲ့ပေမဲ့ နိုင်ငံပိုင် အခန်းကဏ္ဍအတွက် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃၆၉ သန်းဖိုး ပိုမြင့်တက်ခဲ့ပါတယ်။

လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း တင်သွင်းမှုကတော့ နိုင်ငံပိုင်ရော ပုဂ္ဂလိကပိုင်းမှာပါ တင်သွင်းမှု မြင့်တက်နေတာပါ။ အလားတူ CMP ပစ္စည်း တင်သွင်းမှုကလည်း ပြီးခဲ့တဲ့နှစ်ထက် သန်း ၆၀၀ ကျော် ပိုမြင့်တက်ခဲ့ပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ လူသုံးကုန်ပစ္စည်း တင်သွင်းမှုကတော့ သိသိသာသာ လျော့ကျနေပါတယ်။ ပုဂ္ဂလိကပိုင်း တင်သွင်းမှုအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော်ဖိုး အရင်နှစ်ထက် လျော့နည်းကျဆင်းနေပြီး နိုင်ငံပိုင်အနေနဲ့ တင်သွင်းမှုကတော့ တန်ဖိုးအမေရိကန်ဒေါ်လာ သန်း ၁၀၀ ဝန်းကျင် မြင့်တက်ခဲ့ပါတယ်။

ပို့ကုန်ကဏ္ဍမှာတော့ စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှာ ကာလတူထက် ၁ ဒသမ ၅ ဘီလီယံ‌ကျော် မြင့်တက်ခဲ့ပါတယ်။

လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနဲ့ သစ်တောထွက်ပစ္စည်း တင်ပို့မှုမှာတော့ အရင်နှစ်ထက် အနည်းငယ်သာ မြင့်တက်လာတာ တွေ့ရပြီး ရေထွက်ပစ္စည်း၊ သတ္တုတွင်းထွက်နဲ့ တခြားပစ္စည်းတင်ပို့မှုမှာတော့ သိသိသာသာ လျော့ကျနေပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချဖို့ သူတို့ တာဝန်ယူနေစဉ် ကာလအတွင်းမှာ ပြည်ပသွင်းကုန်တွေအပေါ် ကန့်သတ်တာတွေ လုပ်ဆာင်ခဲ့ပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တဦးက “ခုက သွင်းကုန်လိုင်စင်တစောင်ရဖို့ တော်တော်လေး ခက်ခဲပါတယ်။ သွင်းကုန် ပို့ကုန်မျှအောင်ဆိုပြီး လိုင်စင်ချမပေးတာလား၊ သေချာလည်း မသိရဘူး။ အားလုံးက လိုင်စင်ကျဖို့ မျှော်တလင့်လင့်နဲ့ အချိန်ကုန်၊ ငွေကုန်ခံပြီး စောင့်နေရတာ” လို့ ပြောပါတယ်။

ဒါပေမဲ့ အခုနှစ်မှာ သွင်းကုန်တန်ဖိုးက ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဥ်ရင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ပိုများနေပါတယ်။

စစ်ကောင်စီက သွင်းကုန်၊ ပို့ကုန် မူဝါဒအပြင် ငွေကြေးမူဝါဒ အပြောင်းအလဲတွေကိုလည်း မကြာခဏ လုပ်ဆောင်နေတာကြောင့် လုပ်ငန်းတွေ လုပ်သာကိုင်သာမရှိဘဲ စမ်းတဝါးဝါး ဆောင်ရွက်နေရတယ်လို့လည်း လုပ်ငန်းရှင်တွေက ဝေဖန်ထောက်ပြနေကြပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တဦးက “ပြည်ပပို့ကုန်ရငွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီချမှတ်ထားတဲ့ မူဝါဒက နိုင်ငံတကာစျေးကွက်နဲ့ ယှဉ်ပြိုင်ရောင်းချရာမှာ အခက်အခဲ ဖြစ်စေတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုမှာ လိုငွေပြမှုက နှစ်စဉ်လိုလို ဖြစ်ပေါ်နေခဲ့တာပါ။ ဒါပေမဲ့ အရင် အရပ်သားအစိုးရလက်ထက်မှာတော့ ကုန်သွယ်မှုလိုငွေပြမှု ပမာဏ နှစ်စဉ် လျော့နည်းကျဆင်းလာခဲ့တာ တွေ့ရပါတယ်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရဆိုရင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ ၄ ဘီလီယံကျော်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ၅ ဒသမ ၄ ဘီလီယံကျော် အသီးသီးရှိခဲ့ပါတယ်။

၂၀၁၆−၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ ဘီလီယံကျော် ရှိပြီး ၂၀၁၇−၂၀၁၈ မှာ ၃ ဒသမ ၈၁၁ ဘီလီယံ၊ ၂၀၁၈ မီနီဘတ်ဂျက်မှာ ၁ ဘီလီယံကျော်၊ ၂၀၁၈−၂၀၁၉ မှာ ၁ ဒသမ ၀၂၆ ဘီလီယံ၊ ၂၀၁၉−၂၀၂၀ မှာ ၁ ဒသမ ၃၆၉ ဘီလီယံသာရှိပြီး နှစ်စဉ် လျော့နည်းကျဆင်းခဲ့ပါတယ်။

ကုန်သွယ်မှုလိုငွေ ကာလရှည်ကြာ ဖြစ်ပေါ်ခြင်းရဲ့ နောက်ဆက်တွဲက ပြည်တွင်း ငွေကြေးတန်ဖိုးကို အားနည်းလာစေပြီး ပြည်ပက ကုန်ကြမ်းတွေကို မှီခိုထုတ်လုပ်နေရတဲ့ ပြည်တွင်းထုတ်ကုန်ပစ္စည်းတွေလည်း စျေးနှုန်းကြီးမြင့်လာစေတာကြောင့် ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေအပေါ်မှာပါ ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်မှာဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြထားကြပါတယ်။

2 weeks Ago
Up