မြန်မာနိုင်ငံမှာ ခုရက်ပိုင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ ခပ်စိပ်စိပ် ပြန်လည်တွေ့ရှိလာခဲ့ပြီးနောက် ပြီးခဲ့တဲ့ တရက်တည်းမှာတင် ကူးစက်မှုအသစ် အယောက် ၇၀ နီးပါး ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၆ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၈,၃၆၀ ခုကို စစ်ဆေးခဲ့ချိန်မှာ ပိုးတွေ့လူနာသစ် ၆၈ ယောက် တွေ့ရှိရတာကြောင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၀ ဒသမ ၈၁ ရာခိုင်နှုန်း ရှိနေတာ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူကတော့ တယောက်မှ မရှိခဲ့တာမို့ စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၉၀ ယောက် ရှိနေတယ်လို့ ထုတ်ပြန်ပါတယ်။
နိုင်ငံတဝန်းမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၆၃၄,၅၃၉ ယောက် ရှိလာခဲ့ပြီဖြစ်ကာ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၆၁၄,၇၂၂ ယောက် ရှိခဲ့ပြီလို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီစစ်ဆေးထုတ်ပြန်ချက်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု၊ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီးတော့ တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
စစ်ကောင်စီဩဇာခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ ကိုဗစ်-၁၉ နေ့စဉ်ကူးစက်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်ထိ ဝန်းကျင်နဲ့သာ ထုတ်ပြန်နေတာကိုတွေ့ရပြီး သေဆုံးမှု လုံးဝမရှိတဲ့ နေ့တွေလည်း ရှိလာနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်အာဏာသိမ်း ၂ နှစ်ကျော်ကာလအတွင်း တိုင်းပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
ခုရက်ပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုအသစ် ခပ်စိပ်စိပ် တွေ့လာနေရ ပြီးတော့ တနင်္သာရီတိုင်းမှာ စစ်ကောင်စီဝန်ကြီးနဲ့ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်တို့ ရောဂါကူးစက်ခံခဲ့ရသလို ဧပြီ ၂၄ ရက်ကလည်း ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရပြီး မြန်မာဘက်ကို နေရပ်ပြန်ပို့ခံရသူတွေထဲက ၉ ယောက်မှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကိုဗစ်ကူးစက်နှုန်း များလာတာကြောင့် ကိုဗစ်လူနာတွေအတွက် နိုင်ငံတဝန်းက ဆေးရုံတွေ အသင့်ပြင်ထားကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂၄ ရက်မှာ ညွှန်ကြားခဲ့တယ်လို့ ကျန်းမာရေးဦးစီးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ညွှန်ကြားစာမှာတော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့မှာ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးကွဲ 1.16 (Arcturus) ကြောင့် ၂၀၂၃ ဇန်နဝါရီကစပြီး ကူးစက်နှုန်း မြင့်တက်လာပြီး မြန်မာနိုင်ငံအတွင်း ဧပြီလကစတင်ကာ ကိုဗစ်ကူးစက်သူ များပြားလာတဲ့အတွက် ဆေးရုံတွေ အသင့်ပြင်ထားဖို့ ပါရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ ဆရာဝန်တွေ မလုံလောက်မှုနဲ့ ဆေးဝါးမလုံလောက်မှုတွေကြောင့် ပြည်သူတွေ ထောင်နဲ့ချီကာ သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၂၇ ယောက် ထပ်မံစစ်ဆေးတွေ့ရှိရပြီး စုစုပေါင်းအယောက် ၃၁၀ ထိ ရှိလာပြီဖြစ်ပါတယ်။
ပြည်ပနိုင်ငံတွေက ပြန်လည်ရောက်ရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ဓာတ်ခွဲ နမူနာတွေထဲက မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှ ၂၇ ခုမှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိခဲ့ရတာလို့ စစ်ကောင်စီကျန်းမာ ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ရောဂါပိုးတွေ့လူနာတွေထဲမှာ မြန်မာနိုင်ငံသား ၂၃ ယောက်နဲ့ နိုင်ငံခြားသား ၄ ယောက် ပါဝင်ပြီး Relief Flight တွေနဲ့ ဝင်ရောက်လာသူတွေဖြစ်ကာ စင်ကာပူနိုင်ငံက ၁၄ ယောက်၊ မလေးရှားနိုင်ငံက ၅ ယောက်၊ ထိုင်းနိုင်ငံက ၄ ယောက်၊ ကိုရီးယားနိုင်ငံက ၃ ယောက်နဲ့ အိန္ဒိယနိုင်ငံက ၁ ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။
အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်၊ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်၊ ဇန်နဝါရီ ၁၂ ရက်မှာ အိန္ဒိယပြန်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်၊ ဇန်နဝါရီ ၁၃ ရက်မှာ မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၁၄ ရက်မှာ မြန်မာကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၃ ယောက်၊ ဇန်နဝါရီ ၁၅ ရက်မှာ နိုင်ငံခြားသား ၃ ယောက်နဲ့ မြန်မာနိုင်ငံသား ၇ ယောက် စုစုပေါင်း ၁၀ ယောက်၊ ဇန်နဝါရီ ၁၇ ရက်မှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၆ ယောက် စုစုပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၂၀ ရက်မှာ မြန်မာနိုင်ငံသား ၂၈ ယောက်၊ ဇန်နဝါရီ ၂၄ ရက်မှာ မြန်မာနိုင်ငံသား ၃၆ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၃၇ ယောက်၊ ဇန်နဝါရီ ၂၇ ရက်မှာလည်း မြန်မာနိုင်ငံသား ၂၈ ယောက်တို့မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိ ကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၈ ရက်မှာလည်း မြန်မာနိုင်ငံသား ၇၂ ယောက်တို့မှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အိုမီခရွန်ဟာ ကိုဗစ်ဖြစ်ဖူးသူတွေမှာ ပြန်ဖြစ်နိုင်ခြေများပြီး အရင်မျိုးစိတ်တွေထက်ပိုပြီး ကူးစက်မြန်စေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောထားပြီး ကာကွယ်ဆေးထိုးနှံ ပြီးသူတွေမှာလည်း ပြန်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
လတ်တလောမှာတော့ ဗီဇပြောင်းမျိုးကွဲကိုဗစ်ပိုး အိုမီခရွန်ဟာ လက်ရှိနိုင်ငံ ၁၄၀ ကျော်မှာ ကူးစက်ပျံ့နှံ့နေပြီး အဲဒီမျိုးကွဲကြောင့် သေဆုံးသူရာနဲ့ချီ ရှိနေပြီဖြစ်ပါတယ်။