ပီရူးနိုင်ငံဟာ ဧပြီ ၂၆ ရက်မှာ နယ်စပ်ဒေသတွေမှာ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး ချီလီ ကနေ ဝင်ရောက်လာတဲ့ ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ အများစုနဲ့ နိုင်ငံကို ဖြတ်သန်းသွားလာဖို့ လမ်းရှာနေသူတွေနဲ့ ရုန်းကန်နေရပါတယ်။
ချီလီ၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ဘရာဇီးလ်၊ ဘိုလီးဗီးယားတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသ ၇ ခုကို အရေးပေါ်အခြေအနေ ကြေညာထားကြောင်း အာဏာပိုင်တွေက ကြေညာခဲ့တာပါ။
ပီရူးသမ္မတ ဒီနာဘိုလွာတေးက“တွန်းမ်ဘက်စ်၊ ဖျူ့ရာ၊ ကာဟာမားရ်ကာ၊ အာမာဇိုးနာ့စ်၊ လော်ရေးတို၊ မာဒရယ်ဒီဒယို့စ်နဲ့ တပ်ခ်နာ မြို့တွေရဲ့ နယ်စပ်ဒေသတွေမှာ အရေးပေါ်အခြေအနေ ကြေညာဖို့ အမြင့်ဆုံးအမိန့်ကို အတည်ပြုပြီးသွားပြီ”လို့ ပြောပါတယ်။
သမ္မတ ဘိုလွာတေးဟာ တရားဥပဒေစိုးမိုးရေးကို ထိန်းချုပ်ဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် အရေးပေါ်အခြေအနေ ကြေညာခဲ့တာဖြစ်ပါတယ်။
ဒီအစီအမံဟာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ နယ်နိမိတ်ထိန်းချုပ်ရေးနဲ့ ဆက်စပ်နေတဲ့ ရဲတပ်ဖွဲ့ရဲ့စစ်ဆင်ရေးတွေကို ဆောင်ရွက်နိုင်မယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဒီအစီအမံဟာ ဒေသခံမဟုတ်တဲ့ အထောက်အထား မရှိသူတွေကို လုပ်ရိုးလုပ်စဉ် ဖော်ထုတ်နိုင်ပြီး လူဝင်မှုကြီးကြပ်ရေးထိန်းချုပ်မှုနဲ့ အလုပ်သမားစျေးကွက်ရဲ့ ယုံကြည်စိတ်ချရမှု ကို မြှင့်တင်ပေးနိုင်တဲ့အပြင် လူကုန်ကူးမှု၊ အလုပ်သမားခေါင်းပုံဖြတ်မှုစတဲ့ လူမှုရေးပြဿနာ တွေကို ရှောင်ရှားနိုင်စေမှာပါလို့လည်း သူက ဆိုပါတယ်။
ပီရူးနဲ့ ချီလီကြားရှိ နယ်နိမိတ်ချင်းထိစပ်နေပြီးတော့ ရွှေ့ပြောင်းမိသားစုတွေရှိနေတဲ့ တပ်ခ်နာမြို့ က လစ်လပ်နေရာတွေမျိုးမှာ ရဲတွေကို ဖြန့်ကြက်ချထားပါတယ်။
အဲဒီရွှေ့ပြောင်းမိသားစုတွေထဲက အများစုဖြစ်တဲ့ ဗင်နီဇွဲလားနိုင်ငံသားတွေဟာ သူတို့ နိုင်ငံကို ပြန်ကြဖို့ ပီရူးကနေ ခြေလျင်ခရီး ထွက်ခွာဖို့ ကြိုးပမ်းနေကြပါတယ်။
ပီရူးရှိ တရားဝင်အစီရင်ခံချက်တွေအရ အီကွေဒေါမှတစ်ဆင့် ပီရူးကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ဗင်နီဇွဲလားနိုင်ငံသား ၃ သိန်းမှ ၄ သိန်းကြားရှိကြောင်း သိရပါတယ်။