close

ပီရူးသမ္မတဟောင်း

close

April 25, 2023

နေရပ်ပြန်ရောက်လာသည့် ပီရူးသမ္မတဟောင်း တိုလီဒို ထောင်ဒဏ်ကျခံရမည်

ပီရူးသမ္မတဟောင်း အလီဟန်ဒရိုတိုလီဒိုဟာ အမေရိကန်နိုင်ငံကနေ ပီရူးနိုင်ငံကို ဧပြီ ၂၃ ရက်မှာ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထောင်ဒဏ်ကျခံရမယ့် တတိယမြောက် နိုင်ငံ့ခေါင်းဆောင်တဦး ဖြစ်လာနိုင်ပါတယ်။

ပီရူးနိုင်ငံမှာ အုပ်ချုပ်သူတွေရဲ့ နှစ်ပေါင်းများစွာကြာ အကျင့်ပျက်ခြစားမှုကို ဖယ်ရှားပစ်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

သမ္မတဟောင်းတွေဖြစ်ကြတဲ့ အယ်လ်ဘာတို ဖူဂျီမိုရီနဲ့ ပီဒရိုကတ်စတီလိုတို့ကို ထိန်းသိမ်းထားရာ မြို့တော်လီမာ အစွန်အဖျားရှိ ရဲစခန်းတခုမှာ အသက် ၇၇ နှစ်အရွယ် တိုလီဒို အနေနဲ့ ထောင်ဒဏ်ကျခံရဖွယ် ရှိပါတယ်။

ရှေ့နေချုပ်ရုံးက မျှဝေထားတဲ့ တရားဝင်ဓာတ်ပုံတွေထဲမှာတော့ တိုလီဒိုဟာ ဆေးစစ်မှု ခံယူခဲ့တဲ့အပြင် တရားရုံးကို မတက်ရောက်ခင်မှာ ရှေ့နေချုပ်ဖြစ်သူ ပတ်ထရီရှာ ဘန်နာဗီးဒက်စ်ရဲ့ မေးခွန်းတွေကို ပီရူးသမ္မတဟောင်းက တုံ့ပြန်ဖြေကြားနေတာ တွေ့ရပါတယ်။

၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ သမ္မတတာဝန်ယူခဲ့တဲ့ တိုလိုဒီဟာ ဧပြီ ၂၁ ရက်မှာ ဒီလို တရားခံလွှဲပြောင်းမှုကို သူကိုယ်တိုင်ခံယူခဲ့တာ ဖြစ်ပါတယ်။

ပီရူးနိုင်ငံရှိ အင်တဲရိုဆဲရာနီကာဆူ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရာမှာ လုပ်ကိုင်ခွင့် ရရှိဖို့အတွက် ဘရာဇီးလ်ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ အိုဒက်ဘရက်ချီက ဒေါ်လာ ၃၅ သန်း လာဘ်ငွေပေးအပ်မှုကို တိုလီဒိုအနေနဲ့ လက်ခံရယူခဲ့တယ်ဆိုပြီး ပီရူးအာဏာပိုင်တွေက စွပ်စွဲထားတာပါ။

ငွေကြေးခဝါချမှုနဲ့ ပူးပေါင်းကြံစည်မှုတို့ အပါအဝင် အစိုးရရှေ့နေတွေရဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ စွပ်စွဲချက်တွေအပေါ်မှာ ပီရူးသမ္မတဟောင်းက ငြင်းဆန်ထားပါတယ်။

အစိုးရရှေ့နေတွေကတော့ ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ဖို့ တောင်းဆိုခဲ့ကြသလို တိုလီဒို အပေါ် ထောက်ခံသူတွေကလည်း လေကြောင်းရဲတပ်ဖွဲ့ဆိုင်ရာ အဆောက်အအုံအပြင်ဘက်မှာ တရားမျှတမှု ရှိဖို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

အသက်မွေးဝမ်းကြောင်းအရ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ တိုလီဒိုဟာ အမေရိကန်နိုင်ငံ၊ စတန်းဖို့ဒ်တက္ကသိုလ်မှာ ပါရဂူဘွဲ့ ရရှိထားသူ ဖြစ်ပေမဲ့လည်း တရားခံအဖြစ် လွှဲပြောင်းခံရတဲ့ ဒုတိယမြောက် ပီရူးသမ္မတ ဖြစ်လာခဲ့ပါတယ်။

ဖူဂျီမိုရီကတော့ ချီလီနိုင်ငံကနေ တရားခံအဖြစ် လွှဲပြောင်းခံရတဲ့ ပထမဆုံးသမ္မတဖြစ်ခဲ့ပြီး လူအခွင့်အရေး ချိုးဖောက်မှုတွေအတွက် ထောင်ဒဏ် ၂၅ နှစ်အထိ ကျခံနေရပါတယ်။

2 hours Ago

April 22, 2023

ပီရူးသမ္မတဟောင်း အမေရိကန်တွင် အဖမ်းခံ

အကျင့်ပျက်ခြစားမှုစွဲချက်တွေနဲ့ ပီရူးနိုင်ငံက အလိုရှိနေတဲ့ ပီရူးသမ္မတဟောင်းဟာ သူ့နိုင်ငံကို ပြန်မလွှဲပြောင်းပေးဖို့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခံရပြီးနောက် ဧပြီ ၂၁ ရက်မှာ အမေရိကန်အာဏာပိုင်တွေဆီ အဖမ်းခံခဲ့တယ်လို့ အမေရိကန် ဖက်ဒရယ်ပြည်ထောင်စု တရားရုံးတွေရဲ့ လက်ရုံးဌာနဖြစ်တဲ့ မာရှယ်ဆားဗစ်မှ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။

ပီရူးနိုင်ငံကို တရားခံ လွှဲပြောင်းရေးကို ပိတ်ပင်ပေးဖို့ ပီရူးသမ္မတဟောင်း တိုလီဒိုရဲ့ ကမ်းလှမ်းချက်ကို ဝါရှင်တန်ရှိ ဖက်ဒရယ်တရားသူကြီးက ဧပြီ ၂၀ ရက်နေ့မှာ ပယ်ချခဲ့တာပါ။

၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ပီရူးသမ္မတဖြစ်ခဲ့တဲ့ တိုလီဒို ကို ဘရာဇီး ဆောက်လုပ်ရေး ကုမ္ပဏီ အိုဒီဘရက်ချ်ဆီကနေ ဒေါ်လာ ၂၅ သန်းကျော် ရယူခဲ့ပြီး အလဲအလှယ်အနေနဲ့ အများပြည်သူ ဆိုင်ရာ ကန်ထရိုက်အလုပ်တွေရဖို့ လာဘ်ပေး လာဘ်ယူ လုပ်ဆောင်ခဲ့မှု စွဲချက်တွေနဲ့ ပီရူးနိုင်ငံက အလိုရှိနေတာပါ။ 

အစိုးရရှေ့နေတွေက သူ့ကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ဖို့ ကြိုးစားနေပါတယ်။ တိုလီဒို ကတော့ လာဘ်ငွေ တောင်းခံခြင်း သို့မဟုတ် လက်ခံခြင်းတို့ မရှိကြောင်း ငြင်းဆိုထားပါတယ်။ 

သူဟာ အမေရိကန်မှာတော့ ရာဇ၀တ်မှု ကျူးလွန်ခြင်း မရှိသေးပါဘူး။ သမ္မတဟောင်းကို လွှဲပြောင်းပေးဖို့ ပီရူးက တရားဝင်တောင်းဆိုမှုအပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လက တိုလီဒိုဟာ အမေရိကန်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ 

သူဟာ ၂၀၂၀ ခုနှစ်မှာ အာမခံနဲ့ လွတ်မြောက်ခဲ့ပြီး မနှစ်ကအထိ ကယ်လီဖိုးနီးယားမှာ နေထိုင်ခဲ့ပါတယ်။  

3 days Ago
Up