close

ပီရူး

close

May 8, 2023

ပီရူးနိုင်ငံ၌ မိုင်းတွင်းမတော်တဆမှုကြောင့် လူ ၂၇ ဦး သေဆုံး

ပီရူးနိုင်ငံက ရွှေမိုင်းတွင်း တစ်ခုမှာ ဧပြီ ၆ ရက်က မီးလောင်မှုဖြစ်ခဲ့တာကြောင့် အလုပ်သမား ၂၇ ဦး သေဆုံးခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း နိုင်ငံတွင်း အသေအပျောက်အများဆုံး မိုင်းတွင်း မတော်တဆမှုဖြစ်လာပါတယ်။

ဧပြီ ၆ ရက် မနက်အစောပိုင်းက  ပီရူးနိုင်ငံတောင်ပိုင်း အာရီကီပါဒေသမှာ ဝါယာရှော့ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရက ပြောကြားခဲ့ပြီး ဆိုရှယ်မီဒီယာက ဓာတ်ပုံ တွေမှာတော့ မိုင်းတွင်းကနေ မီးခိုးလုံး‌တွေ ထွက်လာတာကို တွေ့ရပါတယ်။

"ရာနာကီဟူရ ရဲစခန်းက သေဆုံးသူ ၂၇ ရှိကြောင်းအတည်ပြုထားတယ်" လို့ ဒေသဆိုင်ရာအစိုးရ ရှေ့နေ ဂိုဗနီ မာတို့စ် က ဧပြီ ၇ ရက်မှာ ဒေသဆိုင်ရာရုပ်သံကို ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွားပြီးနောက် မိုင်းတွင်းပိုင်ရှင်ကိုအကူအညီတောင်းခံခဲ့တယ်လို့လဲ အာရီကီပါ အစိုးရက ပြောပါတယ်။

ဒေသစံတော်ချိန် မွန်းတည့်ချိန်မှာတော့ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက  အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိလာခဲ့ပြီး ကယ်ဆယ်ရေးလုပ်သား ၃ ဦးအပါအဝင် ဒဏ်ရာရသူတွေကို ကုသ ပေးနေကြောင်း ဒေသခံအစိုးရက ဆိုပါတယ်။

ပီရူးနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ရွှေထုတ်လုပ်သူဖြစ်ပြီး ဒုတိယအကြီးဆုံးကြေးနီးထုတ်လုပ်ကာ စွမ်းအင်နဲ့ သတ္တုတွင်းဝန်ကြီးဌာနရဲ့ အချက်အလက်အရ  ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း အသေအပျောက်အများဆုံး သတ္တုတွင်း မတော်တဆမှုဖြစ်ကြောင်းသိရပါတယ်။

၂၀၂၂ခုနှစ်မှာ နိုင်ငံတဝန်း မိုင်မတော်တဆမှုကြောင့် လူ ၃၈ ဦး သေဆုံးခဲ့ပြီး  ၂၀၀၂ ခုနှစ်မှာ မိုင်းမတော်တဆမှု အမျိုးမျိုးကြောင့် လူ ၇၃ ဦး သေဆုံးခဲ့ကာ သေဆုံးမှု အများဆုံးနှစ် ဖြစ်ခဲ့ပါတယ်။

Source - Sky News

8 mins Ago

April 25, 2023

ပီရူးနိုင်ငံတွင် နှစ် ၁,၀၀၀ ကျော်သက်တမ်းရှိ ဆယ်ကျော်သက်အရွယ်မံမီ တူးဖော်တွေ့ရှိ

ပီရူးရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဧပြီ ၂၄ ရက်က ခေတ်မီမြို့တော်ရဲ့ ဆင်ခြေဖုံးမှာ သက်‌တမ်း နှစ် ၁,၀၀၀ ကျော်ရှိတယ်လို့ ယူဆရတဲ့ မံမီကို တူးဖော်တွေ့ရှိခဲ့ပြီး အင်ကာခေတ်မတိုင်မီ နောက်ဆုံးတွေ့ရှိမှုလည်း ဖြစ်ပါတယ်။

မံမီဟာ ဆယ်ကျော်သက်အရွယ်လို့ ယူဆရပြီး အရေပြားတွေ၊ ဆံပင်တွေကို ကြိုးတွေ ကြွေထည်တွေနဲ့ အလောင်းကို စည်းနှောင်ထားပါတယ်။

မံမီဟာ နှစ်ပေါင်း ၁,၁၀၀ ဒါမှမဟုတ် ၁,၂၀၀ သက်တမ်းရှိပြီး ကောင်းမွန်တဲ့ ထိန်းသိမ်းမှု အခြေအနေမှာ တွေ့ရှိခဲ့တယ်လို့ ကာဂျာမာကွီလာ သုတေသနပရောဂျက်ရဲ့ တာဝန်ခံ ရှေးဟောင်းသုတေသနပညာရှင် ရိုမီရာ ဟူးရုမန်းက ပြောပါတယ်။

ကာဂျာမာကွီလာရဲ့ ပထမဆုံးမံမီကို တွေ့ရှိတဲ့နေရာက မီတာ ၂၀၀ (ကိုက် ၂၂၀) ခန့်အကွာမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ မနှစ်က အနီးအနားမှာ‌တွေ့ရှိခဲ့တဲ့ တခြားမံမီကို ရည်ညွှန်းပြီး ဟူးရုမန်းက ရှင်းပြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကနေ ၁,၂၀၀ ခန့်က ယဇ်ပူဇော်ခံရတဲ့ ကလေး ၈ ဦးနဲ့ အရွယ်ရောက်ပြီးသူ ၁၂ ဦးရဲ့ အကြွင်းအကျန်တွေကိုလည်း သုတေသနပြုရာနေရာမှာ တွေ့ရှိခဲ့ပါတယ်။

ကာဂျာမာကွီလာဟာ ပိရမစ်လေးခုရဲ့ အပျက်အစီးတွေနဲ့ ဝင်္ကပါလိုမျိုး နံရံတွေနဲ့ တခြားတည်ဆောက်မှုတွေ ပါဝင်ပြီး ပီရူးမှာ ဒုတိယအကြီးဆုံး ရွှံ့အုတ်မြို့တော် ဖြစ်ပါတယ်။

2 weeks Ago
Up