close

ပီးရူးလေဆိပ်

close

November 19, 2022

ပီးရူးလေဆိပ်ပြေးလမ်းတွင် လေယာဉ်နှင့်မီးသတ်ကား တိုက်မိပြီး ၂ ဦး သေဆုံး

ပီရူးနိုင်ငံမြို့တော် လီမာရှိ ဟော်ရ်ဟဲ ချာဗေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ နိုဝင်ဘာ ၁၈ ရက်က LATAM လေကြောင်းလိုင်းမှ ဂျက်လေယာဉ်ဟာ ပျံတက်ချိန်မှာ လေယာဉ်ပြေးလမ်းပေါ်ရှိ မီးသတ်ကားနဲ့ တိုက်မိပြီးနောက် မီးသတ်သမား ၂ ဦး သေဆုံးခဲ့ကြောင်း လေကြောင်းလိုင်းက ပြောပါတယ်။ 

ပီရူးကျန်းမာရေး၀န်ကြီးဌာနကတော့ ခရီးသည်အယောက် ၂၀ ကို ဆေးခန်းတခုမှာ ကုသပေး နေပြီး အနည်းဆုံး ၂ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိကြောင်း၊ လူပေါင်း ၆၁ ဦးကို ဟော်ရ်ဟဲ ချာဗေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ အနီးနားရှိ ဆေးရုံဆေးခန်းတွေကို ရွှေ့ပြောင်းထားကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။ 

ဒါဟာ ဒဏ်ရာကြောင့်လား ဒါမှမဟုတ် ကြိုတင်ကာကွယ်မှုကြောင့်လား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လေကြောင်းလိုင်းကတော့ ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်းတွေ သေဆုံးခြင်းမရှိကြောင်း ပြောပါတယ်။ 

လေယာဉ်ပျံတက်ချိန်မှာ မီးသတ်ကားက ဘာကြောင့် ပြေးလမ်းထဲကို ဝင်သွားတာလဲဆိုတာ မသိရသေးပါဘူး။ လူသတ်မှု ဖြစ်နိုင်ခြေရှိတဲ့ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ အစိုးရရှေ့နေရုံးက ပြောပါတယ်။ 

ဟော်ရ်ဟဲ ချာဗေးလေဆိပ်ကို ရောက်ရှိလာတဲ့ ခရီးသည်တွေကို တခြားပီရူးလေဆိပ်တွေဆီ လမ်းကြောင်း ပြောင်းပေးခဲ့ပါတယ်။ 

သမ္မတ Pedro Castillo က သေဆုံးသွားရတဲ့ မီးသတ်သမား ၂ ဦးရဲ့ မိသားစုဝင်တွေ နဲ့ ထပ်တူ ဝမ်းနည်းကြောင်းနဲ့ ဒဏ်ရာရရှိသူတွေ အမြန်ပြန်ကောင်းလာစေဖို့ ဆုတောင်းပေးကြောင်း ပြောခဲ့ပါတယ်။ ဟော်ရ်ဟဲ ချာဗေး လေဆိပ်ကို နိုဝင်ဘာ ၁၉ ရက် စနေနေ့မှာ အနည်းဆုံး နေ့လယ် ၁ နာရီအထိ ပိတ်ထားမှာ ဖြစ်ပါတယ်။ 

10 mins Ago
Up