close

ပုဂံ ညောင်ဦး

close

May 4, 2023

ပုဂံ ညောင်ဦးတွင် လေပြင်းတိုက်ခတ်၊ ဘုရားတံတိုင်းနှင့် နေအိမ်အချို့ သစ်ပင်ပိ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်နဲ့ ပုဂံမြို့ဟောင်းမှာ မေလ ၃ ရက် ညနေပိုင်းက လေပြင်း‌တိုက်ခတ်ခဲ့တာကြောင့် ဘုရားတံတိုင်း အဆောက်အဦ၊ လမ်းမနဲ့ နေအိမ် ၂ လုံးပေါ် သစ်ပင်ပြိုလဲကျခဲ့တယ်လို့ မြို့ခံမီးသတ်ဌာနက ပြောပါတယ်။

ညနေ ၅ နာရီလောက်မှာ လေပြင်းတိုက်ခတ်မှုကြောင့် ပုဂံမြို့ဟောင်း၊ တောင်ဘီရွာအနီးရှိ ပုဂံရှေးဟောင်းသုတေသနပြတိုက်ရှေ့မှာ လမ်းဘေးသစ်ပင်တွေ ညောင်ဦး-ပုဂံလမ်းမပေါ် ပြိုလဲခဲ့တာပါ။

ညောင်ဦးမြို့ခံ ကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတဦးက “လေက မြစ်ဘက်ကနေ ဝေ့ပြီး တိုက်တာ။ ဝက်ကြီးအင်းနဲ့ တောင်ဘီက မြစ်ဘေးကပ်ရက်ဆိုတော့ အပင်တွေလဲကုန်တာ။ လမ်းဘက်ကျတဲ့အပင်ရှိသလို အိမ်တွေဘက် ကျတဲ့ဟာလည်း ရှိတယ်။ မြသိန်းတန်ဘုရားက ဘုရား ၂ ဆူရှိတယ်။ သစ်ပင်ပိတာက ဝက်ကြီးအင်းက၊ အုတ်တံတိုင်းနဲ့ တန်ဆောင်းပေါ်ကျတာ။ မင်္ဂလာသာစည်ဘက်ကတော့ အိမ်ပေါ်ကျတယ်၊ လူတော့ မထိခိုက်ကြပါဘူး” လို့ ပြောပါတယ်။

ညောင်ဦး၊ မင်္ဂလာသာစည်အမှတ် ၅ ရပ်ကွက်ရှိ လူနေအိမ် ၂ လုံးအပေါ်ကို ည‌နေ ၅ နာရီလောက်မှာပဲ သစ်ပင်ပြိုလဲမှုဖြစ်ပွားခဲ့ပြီး အမိုးနဲ့ နံရံတချို့ ပျက်စီးခဲ့တဲ့အပြင် ညနေ ၅ နာရီခွဲလောက်မှာ ညောင်ဦးမြို့နယ်၊ ဝက်ကြီးအင်း အမှတ် ၇ ရပ်ကွက်ရှိ မြသိန်းတန်ဘုရား တံတိုင်းနဲ့ သွပ်မိုးသစ်သားတန်ဆောင်းတခုပေါ် သစ်ပင်ပြိုလဲမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လေပြင်းတိုက်ခတ်ခဲ့လို့ သစ်ပင်တွေ ပြိုလဲကျရာနေရာကို ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်တပ်ဖွဲ့တွေနဲ့ မြို့ခံကယ်ဆယ်ရေးအသင်းတွေက ကူညီဆောင်ရွက်ခဲ့ကြတယ်လို့ မြန်မာမီးသတ်ဌာနချုပ်မှတ်တမ်းအရ သိရပါတယ်။

4 mins Ago

January 29, 2021

ပုဂံ ညောင်ဦးက MPP Art Gallery မှာ ပန်းချီ ဘီညို တကိုယ်တော် ပန်းချီပြပွဲ (ဓာတ်ပုံ)

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံ ညောင်ဦးမြို့က MPP Art Gallery မှာ ပန်းချီဘီညိုရဲ့  တကိုယ်တော် ပန်းချီပြပွဲကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ  ၅ ရက်နေ့အထိ ၅ ရက်ကြာ ပြသသွားမှာ ဖြစ်ပါတယ်။

အခရိုင်းလစ် တမျိုးတည်းနဲ့ ဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ကဗျာဆရာကြီးဦးတင်မိုး၊ မြို့မငြိမ်း၊ အဆိုတော် ထူးအိမ်သင် အစရှိသူတွေရဲ့ ပေါ့ထရိတ် ဆိုဒ်စုံတွေ အပါအဝင်၊ ပုံဟန်မျိုးစုံ၊ မြင်ကွင်းစုံ ပန်းချီကားတွေ  ပါဝင်မှာ ဖြစ်ပါတယ်။ 

ပန်းချီကားဆိုဒ် အကြီး အသေးအလိုက် ကားတကားကို ကျပ် ၁ သိန်းခွဲကနေ ၁၅ သိန်းအထိ ဈေး သတ်မှတ်ပြီး  ပန်းချီကားပေါင်း ၅၄ ကားကို ပြသသွားမယ်လို့ ပန်းချီဘီညိုက ပြောပါတယ်။ 

2 years Ago
Up