close

ပုဂ္ဂလိကကျောင်း

close

April 5, 2023

ပုဂ္ဂလိကကျောင်းများမှ အစိုးရကျောင်း ပြောင်းတက်လိုလျှင် အရည်အချင်းစစ်စာမေးပွဲ ဖြေရမည်

နိုင်ငံတကာသင်ရိုးညွှန်းတမ်းနဲ့ သင်ကြားတဲ့ ကျောင်းတွေနဲ့ ပြည်တွင်းပုဂ္ဂလိက အခြေခံပညာကျောင်းတွေကနေ အခြေခံပညာကျောင်းတွေကို တက်ရောက်လိုတဲ့ ကျောင်းသားကျောင်းသူတွေအတွက် အရည်အချင်းစစ်စာမေးပွဲကို လာမယ့်မေလမှာ ကျင်းပမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနကနေ သိရပါတယ်။

နိုင်ငံတကာကျောင်း၊ ပြည်တွင်း ပုဂ္ဂလိကကျောင်းတွေကနေ အခြေခံပညာကျောင်းတွေကို တက်ရောက်လိုသူတွေအနေနဲ့ တက်ရောက်သင်ကြားလိုတဲ့ တဆင့်နိမ့်အတန်းကို အရည်အချင်းစစ် စာမေးပွဲ ဝင်ရောက်ဖြေဆိုရမှာဖြစ်ပြီး အခုလ ၇ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာတင်သွင်းရမယ်လို့ ပညာရေးဌာနက ဆိုပါတယ်။

အဆိုပါ အရည်အချင်းစစ်စာမေးပွဲကို လျှောက်ထားလိုသူတွေအနေနဲ့ ပညာရေးဌာနက အတန်းအလိုက် သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေအတိုင်း ဘာသာရပ်တွေကို ဖြေဆိုရမှာဖြစ်ပြီးတော့ ဖြေဆိုလိုတဲ့အတန်းနဲ့ မွေးသက္ကရာဇ် ကိုက်ညီမှုရှိရမယ်လို့ သတ်မှတ်ထားပါတယ်။

အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုဖို့ လျှောက်ထားသူတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ အစီအစဉ်နဲ့ ခရိုင်ရုံးစိုက်ရာမြို့တွေမှာ မေ ၂ ရက်ကနေ ၈ ရက်အထိ ဖြေဆိုဖို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

အာဏာမသိမ်းခင်က အဲဒီလို ပုဂ္ဂလိကကျောင်းတွေကနေ အစိုးရကျောင်းတွေကို ပြောင်းလဲ တက်ရောက်လိုသူတွေဟာ ရန်ကုန်တိုင်းမှာ တနှစ်ကို ရာဂဏန်းလောက်ရှိပေမဲ့ အခုနှစ်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘယ်လောက်ရှိမယ် ဆိုတာကိုတော့ အတည်မပြုနိုင်ပါဘူး။

1 hour Ago

March 1, 2023

ပုဂ္ဂလိကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှု သင်ကြားပါက အရေးယူရန် စစ်ခေါင်းဆောင် ညွှန်ကြား

မြန်မာပြည်တွင်းရှိ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဥ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာနရဲ့ ရုံးစာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီဥက္ကဋ္ဌရုံးမှာ ကျင်းပခဲ့တဲ့ ညှိနှိုင်းအစည်းဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်းဒီမိုကရေစီ ယဥ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ ညွှန်ကြားခဲ့တဲ့အကြောင်း ကရင်ပြည်နယ် ပညာရေးမှူးရုံးက လက်အောက်ခံ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးတွေ အားလုံးကို လိုက်နာဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေ ထည့်သွင်း ရေးသားထားပါတယ်။

ဒီရုံးစာရဲ့ စစ်မှန်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပညာရေးဌာနထံ ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ဒီညွန်ကြားချက်နဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုးဝင်းဆွေက “ဒါက သူ့ဆရာကြီး ဦးနေဝင်းလုပ်ခဲ့တဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်ဆိုတာမျိုးပဲ သူလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီလုပ်ဖို့ ကြိုးစားနေတာပါ။ သူကသာ ခွဲပြောနေတာ၊ တကယ်တော့ ဒီမိုကရေစီမှာက ရှင်းပါတယ်။ ပြည်သူရွေးချယ်တဲ့လူ အုပ်ချုပ်တဲ့စနစ်ပါပဲ။ ပါးစပ်က ဘယ်လို ဒီမိုကရေစီပဲပြောပြော အာဏာရှင်ဆန်ဆန် ပုံစံကိုပဲ သွားနေတာပါ။ ပြည်သူတွေပြောတဲ့ မင်းအောင်လှိုင်နိုင်ရင် မြောက်ကိုရီးယားလိုဖြစ်သွားမှာဆိုတဲ့စကားက တကယ်မှန်လာပြီ”လို့ ပြောပါတယ်။

ဒါ့အပြင် CDM ကျောင်းသားတဦးရဲ့ မိဘကလည်း “ကျမတို့က ကျောင်း မထားတဲ့အတွက် အဲဒါတွေ စိတ်မပူဘူး။ CDM မလုပ်တဲ့သူတွေသာ ဦးနှောက်အဖျက်ခံရဦးမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အခုလို လူငယ်ပိုင်းတွေကို ဒီမိုကရေစီနဲ့ပတ်သက်လို့ နားလည်မှုလွဲအောင်၊ အသိဉာဏ် ဖျက်ဆီးနေတာဟာ သူတို့ရဲ့ အာဏာတည်တံ့မှုကို အရှည်ကြာဆုံး ရယူထားနိုင်ဖို့ ကြိုးစားနေတဲ့ ခြေလှမ်းတွေဖြစ်တယ်လို့ ရန်ကုန် CDM ဆရာအသိုင်းအဝိုင်းမှ ဆရာတဦးက ပြောပါတယ်။

စစ်ခေါင်းဆောင်ဟာ  မြန်မာပြည်တွင်း ဒေသတချို့ကိုခရီးလှည့်ပြီး တွေ့ဆုံပွဲတွေကျင်းပကာ ယခင် အစိုးရ စီမံအုပ်ချုပ်မှု မကောင်းကြောင်းတွေလည်း ဝေဖန်ပြောကြားနေတာဖြစ်ပါတယ်။

1 month Ago
Up