ထိုင်းအရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင် ဖန်းထောင်းမြို့ရှိ ပုဂ္ဂလိက စာသင်ကျောင်း တကျောင်းမှာ သြဂုတ် ၃၀ ရက်က ၇ နှစ်ရွယ် ဒုတိယတန်းကျောင်းသူတယောက် ကျောင်းကားထဲမှာ ပိတ်မိပြီး သေဆုံးခဲ့တယ်လို့ ထိုင်း ပီဘီအက်စ်သတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၃၀ ရက် ညနေ ၅ နာရီခွဲလောက်က ပုဂ္ဂလိကစာသင်ကျောင်းမှာ ကလေး သေဆုံးမှုရှိကြောင်း အကြောင်းကြားလာတဲ့အတွက် ဖန်းထောင်းဆေးရုံက ဆရာဝန် လူနာတင်ကားနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖန်းထောင်းနယ်မြေရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ဖန်းထောင်းရပ်ကွက် နယ်မြေ ၁၀ ရှိ စာသင်ကျောင်းရဲ့ ကားပါကင်ထိုးတဲ့ နေရာဖြစ်ကြောင်း၊ မှန်လုံကျောင်းကားတစီးရဲ့ ဒရိုင်ဘာထိုင်ခုံနောက်မှာ မိန်းကလေးငယ်တယောက် ပါးစပ်က သွေးထွက်ပြီး သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကျောင်းကြိုပို့ကားမောင်းသူ ပြောပြချက်အရ သူဟာ မနက်က ကလေးတွေကို ကျောင်းရှေ့မှာ ပို့ပေးခဲ့ပြီး ကားထဲမှာ ကလေးတယောက်မှ မတွေ့တော့လို့ ကားမှန်တွေ လော့ခ်ချက ကားရုံထဲမှာ ပါကင်ထိုးခဲ့ကြောင်း၊ ညနေ ၄ နာရီ ကလေးတွေပြန်ပို့ဖို့ ကားလာယူတော့မှ ကျောင်းသူလေးကို တွေ့ရကြောင်း၊ သူမကို ဘယ်လိုမှ လှုပ်နှိုးလို့မရတာကြောင့် ဆရာ ဆရာမတွေ ခေါ်လိုက်ရာ ဆရာတွေလာကြည့်တော့ ကလေးမှာ အသက်မရှူတော့ဘူးလို့ ဆိုပါတယ်။
ကလေးရဲ့မိခင်ဖြစ်သူက မနေ့ညနေ ကျောင်းဆင်းချိန်မှာ သမီးပါမလာဘဲ သူတို့ကျောင်းက ဆရာ ဆရာမ ၃ ယောက်နဲ့ ကျောင်းကားမောင်းသူတို့ အိမ်ကိုရောက်လာကြောင်း၊ ဖြစ်ရပ်မှန် မပြောသေးဘဲ မိမိသမီးမှာ နဂိုက ဘာရောဂါအခံရှိလဲ၊ ဘာဖြစ်လဲဆိုတာ အရင်မေးကြောင်း၊ အမေက စိတ်ပူလို့ ကလေးဘာဖြစ်တာလဲလို့ ပြတ်ပြတ်မေးတော့မှ အသက်ရှုကြပ်ပြီး ဆုံးသွားပြီလို့ ပြောကြောင်း ဆိုပါတယ်။
သတင်းကြားကြားချင်း မိခင်မှာ ရှော့ခ်ဖြစ်သွားကြောင်း၊ အတန်ကြာမှ သမီးမှာ ဘာရောဂါမှမရှိ၊ တဦးတည်းသောသမီးကို ကောင်းစားစေချင်လို့ လိုလေသေးမရှိ ကျွေးမွေးစောင့်ရှောက်လာပြီး ဈေးကြီးတဲ့ ပုဂ္ဂလိကကျောင်းမှာထား၊ ကျောင်းသွား ကျောင်းပြန် အန္တရာယ်ကင်းအောင် ကျောင်းကားနဲ့ပဲ အကြိုအပို့လုပ်ကာမှ သူတို့ရဲ့ နမော်နမဲ့ ပေါ့ဆမှုကြောင့် သေဆုံးရတယ်ဆိုပြီး ငိုကြီးချက်မနဲ့ ပြောပါတယ်။
မိမိကလေး သေဆုံးမှုမှာ တာဝန်အရှိဆုံးဖြစ်တဲ့ အဆိုပါစာသင်ကျောင်းကို အဆုံးစွန် အရေးယူ အပြစ်ပေးဖို့ ရဲစခန်းမှာ အမှုဖွင့် တိုင်တန်းထားပြီး ကလေးရဲ့အလောင်းကိုတော့ လိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဖို့ ရဲဆေးရုံမှာ ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။