close

ပုဂ္ဂလိကဆေးရုံ

close

February 16, 2023

ပုဂ္ဂလိကဆေးရုံများ၏ ကျန်းမာရေးဝန်ထမ်းစာရင်း စစ်ကောင်စီတောင်းနေ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ပုဂ္ဂလိကဆေးရုံဆေးခန်းတွေရဲ့ ကျန်းမာရေးဝန်ထမ်း စာရင်းတွေကို ဖေဖော်‌ဝါရီ ၂၈ ရက် အပြီးပေးဖို့ စစ်ကောင်စီဘက်က လိုက်တောင်းနေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

CDM ကျန်းမာရေးဝန်ထမ်း အလုပ်ခန့်ထားတယ်ဆိုတဲ့ သတင်းကြောင့် စစ်ကောင်စီဘက်က မကြာခဏ ဝင်စစ်နေတာဖြစ်ပြီး လိပ်စာ၊ ဖုန်းနံပါတ်၊ ဓာတ်ပုံပါ တောင်းယူနေပါတယ်။

ပုဂ္ဂလိကဆေးရုံတခုနဲ့ နီးစပ်သူတဦးက “ရုတ်တရက် ဝင်စစ်တာ ၂ ကြိမ်ရှိပါပြီ။ မေဓာဝီဘက်က ဆေးခန်းတွေလည်း အစစ်ခံရတယ်။ ရှိတဲ့ဝန်ထမ်းစာရင်း အကုန်ပြဖို့ ပြောတယ်။ ဆေးဝန်ထမ်းရော၊ လုံခြုံရေးကအစ နာမည်၊ လိပ်စာ၊ ဖုန်းနံပါတ်၊ ဓာတ်ပုံပါ လုပ်ခိုင်းထားတယ်။ ဒီလအကုန်ထိလို့ ပြောတယ်။ ရပ်ကွက်ဆေးခန်းတွေတော့ မပါလောက်ဘူးထင်တယ်။ သိရသလောက်တော့ CDM ဝန်ထမ်းတွေ ပုဂ္ဂလိကမှာ အလုပ်ဝင်လို့ မရအောင်ကို လုပ်နေတာ။ လူနာပဲ နစ်နာတာပေါ့။ အသည်းရောဂါဆို ရပ်ကွက်နဲ့မရလောက်ရင် ဒီကိုလာကြတာပဲ။ အခုဟာ မကြာခဏဝင်စစ်တာဆိုတော့ ဘာဖြစ်ချင်မှန်းလဲ မသိဘူး။ မကြာခဏ ရက်ချိန်းပြန်ပေးနေရတယ်” လို့ ပြောပါတယ်။

မြောက်ဥက္ကလာပမြို့နယ်မှာ ဆေးတက္ကသိုလ်-၂၊ ဆေးဝါးတက္ကသိုလ်၊ အစိုးရဆေးရုံ ၂ ရုံ၊ ပုဂ္ဂလိဆေးရုံကြီး ၈ ရုံနဲ့ အထူးကုဆေးခန်း ၂၇ ခန်း၊ အဆင့်မြင့်ဓာတ်ခွဲခန်း ၁၁ ခန်း‌ကျော် ရှိတယ်လို့ သိရပါတယ်။

CDM ကျန်းမာရေးဝန်ထမ်းကို အလုပ်ခန့်လို့ဆိုပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလတုန်းက မန္တလေးမြို့က ပုဂ္ဂလိကဆေးရုံ ၅ ခုကို ၄ လတိတိ ပိတ်ထားဖို့ စစ်ကောင်စီဘက်က အမိန့်ချမှတ်ခဲ့တာကို တွေ့ရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ဒီဇင်ဘာလအထိ CDM Medical Network ရဲ့ မှတ်တမ်းအရ ဖမ်းဆီးခံထားရတဲ့ CDM ကျန်းမာရေးဝန်ထမ်း ၃၅၅ ဦးထက်မနည်းရှိနေပြီး ဆရာဝန် အပါအဝင် သူနာပြုစတဲ့ ကျန်းမာရေးဝန်ထမ်း ၈၃ ဦး အသတ်ခံထားရတယ်လို့ သိရပါတယ်။

11 mins Ago

February 21, 2022

ကိုဗစ်လူနာများကို ငြင်းပယ်ခြင်းမပြုရန် ပုဂ္ဂလိကဆေးရုံများကို ထိုင်းဝန်ကြီးချုပ် သတိပေး

ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ကိုဗစ်-၁၉ လူနာတွေကို ဆေးကုသဖို့ ငြင်းပယ်ခြင်းမပြုရဘူးလို့ ထိုင်းအစိုးရက သတိပေးလိုက်ပြီး ဝန်ကြီးချုပ် ပရာယွတ် ချန်းအိုချာက ပြောကြားလိုက်ပါတယ်။

အရေးပေါ်လူနာတိုင်းအတွက် အကာအကွယ်ပေးရေး အစီအစဉ်(ယူစီအီးပီ) ပြောင်းလဲမှုဟာ လာမယ့် မတ် ၁ ရက်မတိုင်ခင်အထိ သက်ရောက်ဦးမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။

ယူစီအီးပီအရ လူနာတွေဟာ ၃ ရက်အတွင်း သူတို့ ကုသလိုတဲ့ ကြိုက်နှစ်သက်ရာ ကျန်းမာရေးဝန်ဆောင်မှုကို ရှာဖွေနိုင်ပြီး အဲဒီနောက်မှာ နိုင်ငံတော် သက်သာချောင်ချိရေး၊ ဒါမှမဟုတ် ကျန်းမာရေး အာမခံအစီအစဉ်အောက်က သူတို့မှတ်ပုံတင်ထားတဲ့ ဆေးရုံတွေဆီ လွှဲပြောင်းပေးမှာ ဖြစ်ပါတယ်။

ထိုင်းအစိုးရဟာ မကြာသေးခင်ကပဲ ကိုဗစ်-၁၉ ရောဂါကို ယူစီအီးပီ အောက်က အရေးပေါ် အခြေအနေစာရင်းကနေ ပယ်ဖျက်ခဲ့တာဖြစ်ပြီး လာမယ့် မတ် ၁ ရက်က စတင်ကာ ကိုဗစ် လူနာတွေအနေနဲ့ အရေးပေါ်ကုသမှုအနေနဲ့ မသတ်မှတ်တော့ပဲ ပုဂ္ဂလိကဆေးရုံတွေမှာ ကုသမယ်ဆိုရင် ဆေးကုသမှုစရိတ်ကိုလည်း ကိုယ်တိုင်ပဲ ကျခံရမယ်လို့ ဆိုပါတယ်။

ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သနာခွန် ဝမ်ဘွန်ကွန်ချနာကတော့ ပုဂ္ဂလိကဆေးရုံတွေ အနေနဲ့ ကိုဗစ်-၁၉ လူနာတွေကို ကုသပေးဖို့ ငြင်းဆိုခဲ့ရင် ဆေးဘက်ဆိုင်ရာ အထောက်အ ကူပြုအက်ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ ပြောပါတယ်။

“ပေါ်လစီအရ (မတ် ၁ ရက်)သက်ရောက်မှုမတိုင်ခင်မှာ ကိုဗစ်-၁၉ လူနာတွေဟာ ပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးဝါးကုသမှု အဖိုးအခပေးစရာမလိုဘဲ ကုသနိုင်မှာ ဖြစ်ပါတယ်”

နောက်ပိုင်းမှာတော့ ရောဂါလက္ခဏာ မပြင်းထန်တဲ့ လူနာတွေကိုတော့ နေအိမ်မှာ သီးခြားခွဲထားဖို့ တောင်းဆိုမှာဖြစ်ပြီး မတတ်နိုင်တဲ့သူတွေကိုတော့ မြို့ရွာကွာရန်တင်းစင်တာတွေဆီ လွှဲပြောင်းပေးမှာဖြစ်ကာ ကုန်ကျစရိတ်တွေကိုတော့ ကျန်းမာရေး၊ လူမှုရေးနဲ့ ဆေးဘက်ဆိုင်ရာ လူမှုဖူလုံရေးအစီအစဉ်တွေအောက်က ကျခံသွားမယ်လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ အရေးပေါ်လူနာတွေအတွက် ယူစီအီးပီပလပ်စ် ဆိုတဲ့ အစီအစဉ်သစ်ကို ထပ်မံပြီးတော့ မိတ်ဆက်ဖို့ရှိကာ ဒါက အလယ်အလတ်ကနေ ပြင်းထန်တဲ့ ရောဂါလက္ခဏာပြတဲ့ ကိုဗစ်-၁၉ လူနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်တယ်လို့  ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ သနာခွန်က ပြောပါတယ်။

12 months Ago
Up