စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ပြင်ဆင်လိုက်တဲ့ ညွှန်ကြားချက်ဟာ ဘဏ်တွေကို အကျပ်အတည်းရှိစေတယ်လို့ ဘဏ်နဲ့ငွေကြေးဆိုင်ရာကျွမ်းကျင်သူတွေက ထောက်ပြ ပြောပါတယ်။
ဘဏ်တွေမှာ မြန်မာကျပ်ငွေဖြင့် ထားရမည့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်အချိုးအား အောက်ပါအတိုင်း ပြင်ဆင်သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်လိုက်တာပါ။
အဆိုပါထုတ်ပြန်ချက်အရ ဗဟိုဘဏ်က ဘဏ်တွေမှာ ထားရှိရမယ့် အနည်းဆုံး သီးသန့်ငွေ လိုအပ်ချက်အချိုးမှာ ၃ ရာခိုင်နှုန်း ထားရမယ်လို့ သတ်မှတ်ထားရှိတဲ့အနက် စာရင်းရှင်အပ်ငွေ အနေနဲ့ ငွေသား ၂ ဒသမ ၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှာ ထားရှိရမှာဖြစ်ပြီး ကျန်ရှိတဲ့ သုည ဒသမ ၅ ရာခိုင်နှုန်းကိုတော့ လက်ဝယ်ငွေသားအနေနဲ့ ဘဏ်တွေမှာ ထားနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ အခုထုတ်ပြန်ချက်ဟာ ဘဏ်တွေအဖို့ ငွေသားလက်ကိုင်ထားရှိမှု ပမာဏကို လျှော့ချချင်တဲ့ ရည်ရွယ်ချက်ပါတယ်လို့ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
“ဘဏ်တွေအတွက် အခက်အခဲက ဗဟိုဘဏ်ဆီ ပိုက်ဆံတွေ သွားပို့ရတဲ့ နေရာမှာ ပိုက်ဆံက ပိုပြီး များလာတာပေါ့။ ရှင်းရှင်းပြောရရင် ဗဟိုဘဏ်က မင်းတို့လက်ထဲမှာရှိတဲ့ ပိုက်ဆံတွေက စိတ်မချရဘူး။ ဘာလို့လဲဆို မင်းတို့က ဘယ်လောက် ရှိပါတယ်လို့ ဆိုပေမဲ့ ငါတို့ လက်ထဲမှာ လာထားတာက ပိုပြီး ယုံကြည်တယ်ဆိုတဲ့သဘောနဲ့ လုပ်တာပေါ့နော်။ ဘာကြောင့်လဲဆို ယခင်ကတော့ ဘဏ်တွေမှာ လက်ဝယ်ငွေသားထားရှိမှု အချိုးက သုည ဒသမ ၇၅ ရာခိုင်နှုန်း ထားထားလို့ရပေမဲ့ ယခုကတော့ သုည ဒသမ ၅၀ ရာခိုင်နှုန်းသာ ထားရမယ်ဆိုတော့ ဘဏ်တွေရဲ့ လက်ထဲမှာ ငွေသားထားရှိမှုက နည်းသွားပြီပေါ့ဗျာ။ ဆိုတော့ ဗဟိုဘဏ်ရဲ့ ရည်ရွယ်ချက်က သူ့ဆီမှာ ထားရှိတဲ့ လက်ဝယ်ငွေသား ထားရှိမှုကို အရင်ပမာဏထက် တိုးပြီး ထားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာလို့ ကျနော်တော့ မြင်တယ်။ ဘာကြောင့်လဲဆို ယခင် သူတို့ သတ်မှတ်ထားတာက ငွေသားထားရှိမှုကို ၂ ဒသမ ၂၅ ရာခိုင်နှုန်းသာ ဗဟိုဘဏ်မှာ အပ်နှံနိုင်ပြီး ကျန်ရှိတဲ့ သုည ဒသမ ၇၅ ရာခိုင်နှုန်းကိုတော့ ဘဏ်တွေက လက်ဝယ်သိမ်းထားနိုင်တယ်လို့ သတ်မှတ်ခဲ့တာလေ” လို့ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူတဦးက ဗွီဘီကို ပြောပါတယ်။
တဖက်မှာလည်း ဘဏ်တွေဟာ လူထုရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် မိမိတို့ဆီမှာ စုဆောင်းထားရှိတဲ့ ငွေအပ်နှံသူတွေကို ငွေသားထုတ်ယူမှုနဲ့ ပတ်သတ်ပြီး အနည်းငယ် ဖြေလျှော့မှုတွေ လုပ်ပေးလာတာ ရှိလာတယ်။
ဒါပေမဲ့ ပြဿနာက ဗဟိုဘဏ်မှာ ငွေသားအပ်နှံမှုပမာဏဟာ ယခင်ကထက် သုည ဒသမ ၂၅ ရာခိုင်နှုန်း ပိုတိုးပြီး ထားရမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် ဘဏ်တွေမှာ ငွေသားပိုင်ဆိုင်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်လာရဖို့ ရှိနေပါတယ်။
ဘဏ်နဲ့ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူတဦးက “ဟုတ်တာပေါ့။ ဘဏ်တွေမှာ အကျပ်အတည်း ရှိစေတာပေါ့။ ဘာလို့လဲဆို သူ့လက်ထဲမှာ လွတ်လွတ်လပ်လပ် ထားလို့ မရတော့ဘူး။ ဗဟိုဘဏ်က အရင်သတ်မှတ်ထားတဲ့ ပမာဏထက် သုည ဒသမ ၂၅ ရာခိုင်နှုန်း ပိုပြီး ထားရမယ်လို့ သတ်မှတ်လိုက်တာက ဘဏ်တွေမှာ ငွေသားပိုင်ဆိုင်မှု အကျပ်အတည်း ရှိစေတာပေါ့။ ပြီးတော့ နောက်တချက်က ဗဟိုဘဏ်မှာ ထားရှိရမယ့် ငွေသားပမာဏ သတ်မှတ်ချက်ကို ပြည့်မီဖို့အတွက် ဘဏ်တွေဟာ အမြဲတမ်းစောင့်ကြည့်ပြီး လိုတာနဲ့ သွားသွားဖြည့်ပေးနေရဦးမယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဘဏ်တွေအနေနဲ့ ထိန်းသိမ်းမှုကာလ နောက်ဆုံးရက်မှာ ပျှမ်းမျှ စာရင်းရှင် အပ်ငွေအရလည်းကောင်း၊ ပျှမ်းမျှ လက်ဝယ်ထားရှိရမယ့် ငွေသားအရ လည်းကောင်း၊ သတ်မှတ်ရာခိုင်နှုန်း အသီးသီးကို ပြည့်မီရမယ်လို့ ဆိုပါတယ်။ အကယ်၍ သတ်မှတ်ချက်အား ပြည့်မီခြင်းမရှိပါက အဆိုပါဘဏ်အား အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် လိုက်နာမှုမရှိသော ဘဏ်အဖြစ် သတ်မှတ်ကာ ဒဏ်ကြေးပေးဆောင်ရမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။
အဆိုပါ အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက် ပြင်ဆင်သတ်မှတ်ချက်အား ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ၂၀၂၃ ခုနှစ် မတ်၂၈ ရက်နေ့အထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။
ပုဂ္ဂလိကပိုင်ဘဏ်တွေက အတိုးနှုန်းတွေကို အပြိုင်အဆိုင် တိုးမြှင့်ပေးပြီး ဆွဲဆောင်လာတာကြောင့် အတိုးနှုန်းနည်းတဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားတဲ့ ငွေတွေကို အတိုးနှုန်းမြှင့်မားတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ရွှေ့ပြောင်းလာကြတယ်လို့ ဘဏ်နဲ့နီးစပ်တဲ့ အသိုက်အဝန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီအပေါ် အယုံအကြည် မရှိတာကြောင့် မိမိပိုင်ငွေကြေးတွေ မဆုံးရှုံးစေဖို့ ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေကြေးတွေကို အပြိုင်အဆိုင် ထုတ်လာတဲ့အတွက် ဘဏ်တွေက ငွေထုတ်ယူမှုအပေါ် ကန့်သတ်ခဲ့ပါတယ်။
ဒီကန့်သတ်မှုက ဘဏ်တွေအပေါ် ထားရှိတဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုကို လျော့ကျလို့ လာစေပါတယ်။ ဒါကြောင့်ပဲ ဘဏ်တွေဟာ ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိဖို့အတွက် ဘဏ်တိုးနှုန်းတွေကို တိုးမြှင့်ပေးပြီး ဆွဲဆောင်လာပါတယ်။
ခရိုနီတဦးဖြစ်တဲ့ ဦးတေဇ ပိုင်ဆိုင်တဲ့ AGD ဘဏ်ရဲ့ ထုတ်ပြန်ချက်အရ တိုတောင်းတဲ့ သက်တမ်းအတွင်း ငွေစုပြီး ပိုများတဲ့ အတိုးကို ကြိုယူဖို့အတွက် ကြိုယူအကောင့်နဲ့ လာရောက် ငွေစုကြဖို့ ဖိတ်ခေါ်ထားပါတယ်။
စုဆောင်းငွေနဲ့ပတ်သက်ပြီး ကျပ် သိန်း ၅၀ အောက် ငွေအပ်နှံသူတွေအတွက် ငွေစုသက်တမ်း ၁ လမှ ၃ လအထိကို အတိုးနှုန်းက ၉ ဒသမ ၂၅ ရာခိုင်နှုန်း သတ်မှတ်ထားပြီး ကျပ်သိန်း ၅၀ အထက် ငွေအပ်နှံသူတွေကိုတော့ ၉ ဒသမ ၃၅ ရာခိုင်နှုန်း ပေးမယ်လို့ ဆိုပါတယ်။
အလားတူ ဦးအောင်ကိုဝင်း ပိုင်ဆိုင်တဲ့ KBZ ဘဏ်ကလည်း ရက်ပေါင်း ၉၀ အထိ စာရင်းသေ အပ်ငွေ စာရင်းအတွက် အတိုးနှုန်းက ၉ ရာခိုင်နှုန်း သတ်မှတ်ထားတဲ့အပြင် အကယ်လို့ ရက်ပေါင်း ၁၈၀ အထိ ထားရှိပါက အတိုးနှုန်းကို ၉ ဒသမ ၂၅ ရာခိုင်နှုန်း ရရှိမယ်လို့ ထုတ်ပြန်ထားပါတယ်။
အစိုးရနဲ့ပုဂ္ဂလိက ဖက်စပ်ပိုင်ဆိုင်တဲ့ CB ဘဏ်ကလည်း ရက်ပေါင်း ၁၀၀ အပ်နှံငွေအတွက် အတိုးနှုန်းကို ၉ ဒသမ ၁ ရာခိုင်နှုန်း ပေးမယ်လို့ ကြေညာထားပြီး အနိမ့်ဆုံးအပ်နှံငွေက ကျပ် သန်း ၁၀၀ သတ်မှတ်ထားပါတယ်။
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တွေက ဘဏ်တိုးနှုန်းတွေကို အခုလို အပြိုင်အဆိုင် တိုးမြှင့်ပေးလာတဲ့အတွက် ဘဏ်တိုးနှုန်းနည်းတဲ့ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်မှာ အပ်နှံထားရှိတဲ့ အသင်းအဖွဲ့ပိုင် ငွေကြေးတွေကို အတိုးနှုန်းမြှင့်မားတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ရွှေ့လာကြပါတယ်။
ပုဂ္ဂလိက ဘဏ်တွေနဲ့နီးစပ်တဲ့လုပ်ငန်းရှင်တဦးက “အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်ဆို ဘဏ်တိုးနှုန်းက ၅ ရာခိုင်နှုန်းပဲ ပေးတာလေ။ အဲ့လိုပေးလို့ ဒီမနက်ကပဲ အဲ့ဒီဘဏ်ဆီ ရောက်တော့ တော်တော်များများ ကုမ္ပဏီတွေ အဖွဲ့အစည်းတွေက မြန်မာ့စီးပွားရေးဘဏ်မှာ သူတို့ ငွေတွေ မထားတော့ဘဲ အတိုးနှုန်းများတဲ့ ပုဂ္ဂလိကဘဏ်တွေဆီ ရွှေ့လာကြတာ တွေ့လာရတယ်။ ပုဂ္ဂလိကဘဏ်တွေက ၉ ရာခိုင်နှုန်းအထိ ပေးလာကြတော့ အဲ့ဒီဘက်ကို ရွှေ့လာကြတာ။ ဒါကလည်း အမှန်ကတော့ဗျာ၊ အထွေအထူး အပြောင်းအလဲတော့ မရှိပါဘူး။ ကျနော်မြင်တာက အတိုးလေး ပိုပေးတဲ့အခါ အကို့ရဲ့ ပိုက်ဆံကို ညီမက အတိုး ပိုပေးမယ်ဆိုလို့ ညီမ ဆီ ရောက်သွားတယ်။ ဒီသဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ပုဂ္ဂလိကဘဏ်တွေက အခုလို မက်လုံးပေးဆွဲဆောင်လာတဲ့အတွက် အပြင်မှာ ရောက်နေတဲ့ ငွေတွေဟာ ဘဏ်တွေထဲဆီ ပြန်ရောက်သွားတာကြောင့် ကောင်းတဲ့ အချက်လို့ ဆိုရမှာ ဖြစ်ပေမဲ့ ဘဏ်တွေဘက်က သမာသမတ်ကျကျ လုပ်ဆောင်ဖို့ လိုပါတယ်။
ဘဏ်နဲ့ငွေကြေးဆိုင်ရာ လေ့လာသူ တဦးက “အခုဆိုရင် အပြင်မှာ ငွေသား ကိုင်ထားတဲ့သူတွေကလဲ အဲ့ဒီငွေတွေကို အပြင်မှာ ဒီအတိုင်း မထားတော့ဘူး။ အတိုးနှုန်းများတဲ့ ဘဏ်မှာ Account ဖွင့်ပြီး သွားထားကြတာမျိုးတွေ ရှိလာကြမယ်။ ဆိုတော့ အပြင်မှာ ရောက်နေတဲ့ ပိုက်ဆံက ဘဏ်ထဲ ပြန်ရောက်သွားတာပေါ့။ အိမ်မှာ ဒီအတိုင်းထားရင် အဲ့ငွေက အတိုး မရဘူးလေ။ ဒါပေမဲ့ တခု ရှိတာက ဘဏ်တွေအနေနဲ့ သတ်မှတ်ကာလမှာ အချိန်မရွေး ပြန်ထုတ်နိုင်အောင် သမာသမတ်ကျကျ လိုက်နာဖို့တော့ အရေးကြီးတယ်။ နို့မို့ဆိုရင် ဘဏ်အပေါ် ယုံကြည်မှုက ပိုဆိုးသွားလိမ့်မယ်နော်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီ့အပြင် “ဒါပေမဲ့ အခုတိုးပေးတဲ့ အတိုးနှုန်းက အရင်က အတိုးနှုန်းကို မမီသေးဘူးနော်။ အရင်တုန်းကဆိုရင် ကျနော်တို့ကို ပေးတဲ့ ဘဏ်တိုးနှုန်းက ၁၀ ရာခိုင်နှုန်းတောင် ရှိခဲ့တာ။ Saving Account တွေကလေ။ ပြီးတော့ ပုံမှန်ထားရှိတဲ့ account တွေဆို ၈ ရာခိုင်နှုန်းဆိုပေမယ့် Fix Deposit Account ဆိုရင် ၁၀ ရာခိုင်နှုန်း ရှိတယ်။ ဒါက ပြီးခဲ့တဲ့ ၄ နှစ် ၅ နှစ်က အခြေအနေပေါ့။ အဲ့ဒါကို ဗဟိုဘဏ်က ၇ ရာခိုင်နှုန်း သတ်မှတ်လိုက်ပြီးတော့ ဒီအပေါ်မှာ ၂ ရာခိုင်နှုန်း အပို ၂ ရာခိုင်နှုန်း အလျှော့ ဆိုပြီး ပြန်ပြောင်း သတ်မှတ်ပြီး ဘဏ်တိုးနှုန်းတွေကို ပြန်ချခဲ့တာ” လို့ သူက ဆက်ပြောပါတယ်။