ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ချောင်ကျေးရွာမှာ သောက်သုံးရေကန်တွေ ခန်းခြောက်သွားလို့ ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ကန်ချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ တတိယပတ်လောက်ကစလို့ သောက်သုံးရေကန်တွေ ခန်းခြောက်သွားပြီး ရေရှားပါးမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ ကံချောင်းကျေးရွာ ဒေသခံ ကိုထွန်းထွန်းဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရေကန်တွေ ခန်းခြောက်သွားတော့ လတ်တလောက် အခြေအနေမှာ တမိုင်၊ နှစ်မိုင်လောက် ကွာဝေးတဲ့ တောတောင်တွေထဲက စိမ့်စမ်းရေတွေကို သွားခပ်ပြီး သုံးစွဲနေကြရတယ်။ နောက်နှစ် နွေရာသီကာလမှာ သောက်သုံးရေရှားပါးမှု မဖြစ်အောင်တော့ အဲဒီရေကန်တွေကို ရွာသူရွာသားတွေ ဝိုင်းဝန်းတူးဖော်နေကြပေမဲ့ ဘက်ဟိုးနဲ့တူးတာမဟုတ်တော့ သိပ်အဆင်မပြေဘူးဗျ။ ဘက်ဟိုးနဲ့ တူးဖော်မယ်ဆိုရင်တော့ ငွေကျပ် သိန်း ၅၀ လောက် ကုန်ကျနိုင်တယ်။”
တချို့ကျေးရွာတွေမှာတော့ ဌာနဆိုင်ရာတွေက သောက်သုံးရေကန် ပြုပြင်မွမ်းမံစရိတ်တွေ ချပေးပေမဲ့ ကန်ချောင်းကျေးရွာကို မွမ်းမံစရိတ် ချမပေးတဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ အလှူရှင်တွေရဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတယ်လို့ ကိုထွန်းထွန်းဦးက ဆိုပါတယ်။
“ရေကန်တူးဖော်ပြုပြင်တာတွေက မိုးရာသီမရောက်ခင် လုပ်ကြရမှာဗျ။ မိုးကျသွားရင် လုပ်လို့ အဆင်မပြေတော့ဘူး။ အဲဒီရေကန်တွေကို တူးဖော်မှသာ ၁၂ ရာသီလုံး ရေသိုလှောင်နိုင်မှာဖြစ်ပြီး သောက်သုံးရေရှားပါးတဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်မယ်။”
ကန်ချောင်းကျေးရွာမှာ အိမ်ခြေ ၂၂၀ ကျော်လောက်ရှိပြီး လူဦးရေ ၁,၀၀၀ ကျော်လောက် နေထိုင်ကြကာ အနီးပတ်ဝန်းကျင်က ကျောက်ခွဲပြင်၊ ကျောက်ပြင်ဆိပ် ကျေးရွာတွေမှာလည်း သောက်သုံးရေရှားပါးတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ အပစ်အခတ်ရပ်စဲပြီးနောက် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်တချို့ နေရပ်ပြန်နေကြပြီဖြစ်ပါတယ်။
ဆင်အင်းကြီးရွာနဲ့ ပဒေသာရွာကြားမှာ နိုဝင်ဘာ ၁၀ ရက်က စစ်ကောင်စီရဲ့ ရိက္ခာကားတစီးကို အေအေက သိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပုဏ္ဏားကျွန်းမြို့နယ်အနောက်ခြမ်းက ရွာတွေကို စစ်ကောင်စီ တပ်က ထိုးစစ်ဆင်တာကြောင့် ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးခဲ့ရတာလို့ ဆင်အင်းကြီးရွာနေသူ တဦးက ပြောပါတယ်။
“ရွာကို နိုဝင်ဘာလ ၁၀ ရက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပြည်သူ ၉ ယောက်ကို သတ်ဖြတ်ခဲ့သလို နိုဝင်ဘာ ၁၁ ရက်မှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကျည် ထိမှန်ပြီး ဒီပါရုံရွာက ပြည်သူ နှစ်ယောက် သေဆုံးခဲ့တာကြောင့် ရွာ ၁၀ ရွာကျော်လောက်က ဒေသခံ သောင်းနဲ့ ချီ ဘေးလွတ်ရာကို ထွက်ပြေးကြရတာ။”
ထွက်ပြေးတိမ်းရှောင်တဲ့ အခါမှာလည်း ကားလမ်းတွေ ပိတ်ဆို့ထားတာကြောင့် ရေလမ်းခရီး အတိုင်း လက်နက်ကြီးတွေ ပစ်ခတ်နေတဲ့ ကြားထဲက စက်လှေနဲ့ ထွက်ပြေးကြရသလို စက်လှေ လုံလောက်မှု မရှိတဲ့ အခက်ခဲတွေလည်း ကြုံတွေ့ခဲ့ရတယ်လို့ တန်းခိုးကျေးရွာ ဒေသခံတဦးက ပြောပါတယ်။
စစ်ဘေးရှောင်စခန်းတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီမှာ ခိုလှုံနေရပေမဲ့ စစ်ကောင်စီဘက်က ကုန်းလမ်း၊ ရေလမ်းတွေ ပိတ်ဆို့ထားတာကြောင့် စားနပ်ရိက္ခာ ဝယ်ယူဖို့ အခက်ကြုံတွေ့နေတာ တွေ့ရတော့ ရေရှည်နေထိုင်ဖို့ မလွယ်လို့ ကိုယ့်အိမ်ကို ပြန်ခဲ့ကြတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံ တဦးက “လက်နက်ကြီးပစ်သံတွေ မကြားရတာတော့ တပတ်လောက်ရှိပြီ။ အပစ်ရပ်စဲ ထားတယ်ဆိုပေမဲ့ အချိန်မရွေး တိုက်ပွဲ ပြန်ဖြစ်နိုင်လို့ သတိထားစောင့်ကြည့်ကြရမှာပါ။ တချို့ မိသားစုတွေကို စိတ်မချရသေးလို့ ပြန်မခေါ်သေးဘူး။ ကျနော်တို့ စိုက်ပျိုးထားတဲ့ စပါးခင်းတွေကိုတော့ ပြန်လည်ရိတ်သိမ်းနေသလို အေအေက ရဲဘော်တွေလည်း စပါးကူရိတ် ပေးကြတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ အေအေတို့ နိုဝင်ဘာ ၂၆ ရက်မှာ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲပြီး ကုန်းလမ်း၊ ရေလမ်း တချို့ကို ပြန်ဖွင့်ပေးခဲ့ပေမဲ့ ပုဏ္ဏားကျွန်း-စစ်တွေ ကားလမ်းကိုတော့ ဒီဇင်ဘာ ၂ ရက်အထိ ပြန်မဖွင့်ပေးသေးတာကြောင့် ဒေသခံတွေ အခက်ခဲဖြစ်နေကြတယ်လို့ သိရပါတယ်။