close

ပုတီးကျေးရွာ

close

April 20, 2022

ပေါက်မြို့နယ် ပုတီးကျေးရွာကို စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ နေအိမ် ၇၀ ခန့်ဆုံးရှုံး

မကွေးတိုင်းပေါက်မြို့နယ် ပုတီးကျေးရွာကို ဧပြီ ၁၉ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၇၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဧပြီ ၁၉ ရက် ညနေ ၅ နာရီလောက်မှာ ပုတီးရွာ တောင်ဘက်ကနေ ဆိုင်ကယ် ၁၆ စီးလောက်နဲ့ ဝင်လာပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀၀ လောက်ရှိတဲ့အနက် အိမ်ခြေ ၇၀ လောက် ဆုံးရှုံးခဲ့ရတယ်လို့ ပုတီးရွာ ဒေသခံအမျိုးသမီးတယောက်က ဒီဗွီဘီကို ပြောပါတယ်။

နေအိမ်မီးရှို့ဖျက်ဆီးခံရသူတွေဟာ ရွာအပြင်တောထဲက တဲတွေထဲမှာ ကပ်နေကြရပြီး အဲဒီလိုမရှိတဲ့သူတွေကျတော့ တောတွေထဲက ချောင်လေးတွေထဲမှာ ဖြစ်သလို နေနေကြရတယ်လို့ ဆိုပါတယ်။

“ညီမတို့ဆီမှာက ပြေးစရာမြေကို မရှိတော့ဘူး။ မြောက်ဘက်ကိုထွက်လည်း ရဲတွေရှိနေသလို စစ်ကောင်စီစစ်ကြောင်း ဘယ်အရပ်ဘက်ကလာလာ လှည့်ပတ်ပြီး ထွက်ပြေးနေကြရတာ။” 

စစ်ကောင်စီစစ်ကြောင်း ပြီးခဲ့တဲ့တခေါက်က ရွာကိုဝင်လာပေမယ့် ဘာမှမလုပ်ဘဲ စားသောက်ပြီး ပြန်သွားကြကာ ဒီတခေါက်မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးဝင်ရောက်ကာ ရွာကို မီးရှို့ ဖျက်ဆီးသွားကြတာလို့ ပုတီးရွာ ဒေသခံအမျိုးသမီးက ဆိုပါတယ်။

မီးလောင်ကျွမ်းတဲ့ နေအိမ်တွေကို ဒေသခံပြည်သူတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဝိုင်းမီးငြှိမ်းသတ်ကြပေမဲ့ နေအိမ် ၇၀ လောက် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ပုတီးရွာဒေသခံက ပြောပါတယ်။

“ကျနော်တို့ရွာသားတွေဟာ အမြဲတမ်းတောထဲမှာနေ တောထဲမှာအိပ်၊ တောထဲမှာစားပြီး အိမ်မွေးတိရစ္ဆာန်တွေကို ခဏတဖြုတ်လာကြည့်ရုံမှအပ ထွက်ပြေးတိမ်းရှောင်နေကြရတာ။ ကျနော်တို့ဘက်က တောင်သူလုပ်ငန်းလောက်ပဲ အဓိက လုပ်ကိုင်ကြတာ။ အိမ်တအိမ် ဖြစ်မြောက်ဖို့ ၁၅ နှစ်လောက်ရှာဖွေစုဆောင်းတာတောင် မဆောက်နိုင်တဲ့ သူတွေရှိတယ်။ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်တွေကို ကမ္ဘာမကြေဘူးဗျ။ တွေ့တဲ့နေရာမှာကို လုပ်ပစ်လိုက်ချင်ပေမယ့် ဘယ်လိုမှလုပ်မရဘူးဖြစ်နေတာ။” 

ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တဲ့ ရွာတွေ များပြားနေပြီး ပြည်သူတွေ စားဝတ်နေရေး အကျပ်အတည်းဖြစ်နေလို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဝိုင်းဝန်းထောက်ပံ့စေလိုတယ်လို့ လူငယ်တော်လှန်ရေးတပ်ဦး YRF ရဲ့ ခေါင်းဆောင် ဗိုလ်နားပေါက်က ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ပြည်သူလူထုရဲ့ အထောက်ပံ့တွေနဲ့ ရပ်တည်နေကြရတာကြောင့် စစ်ဘေးရှောင်၊ မီးဘေးသင့် ပြည်သူတွေအတွက် တပ်ဖွဲ့မှာရှိတဲ့ ငွေကြေး စားနပ်ရိက္ခာတွေနဲ့ ထောက်ပံ့ပေးဖို့ စီစဥ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြည်သူလူထုရဲ့နေအိမ်တွေအပြင် ဆန်၊ စပါး စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေကိုပါ မီးရှို့ဖျက်ဆီးသွားကြလို့ စားဝတ်နေရေးအတွက် အရေးပေါ်အကူညီတွေ လိုအပ်နေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ သက်ဆိုင်ရာကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်လှူဒါန်းပေးကြဖို့ ဗိုလ်နားပေါက်က မေတ္တာရပ်ခံထားပါတယ်။

ပေါက်မြို့နယ် ချောင်ဆုံရွာနဲ့ ကင်းမကျေးရွာတွေကို ဧပြီ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင်နဲ့ မီးဘေးသင့် ပြည်သူ ၁၈၀၀၀ ကျော်ရှိနေပြီး နေအိမ် ၁၀၀၀ နီးပါးလောက် မီးလောင်ဆုံးရှုံးခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။

Data For Myanmar ကတော့ မကွေးတိုင်းမှာ နေအိမ်စုစုပေါင်း ၁၈၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဧပြီ ၁၃ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

1 min Ago

January 16, 2022

မစိုးရိမ်ရွာအနီး စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ပုတီးကျေးရွာ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်ကြားရှိ မစိုးရိမ်ရွာအနီးမှာ ဇန်နဝါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ် မိုင်ဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၆၀ လောက်ဟာ မစိုးရိမ်ရွာထဲမှာ မွေနှောက်ဖျက်ဆီးပြီး ရွာအပြင်ပြန်အထွက် ပဲယင်းမြို့နယ်အခြေစိုက် ပြောက်ကျားတပ်ဖွဲ့ ဂဠုန်တပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

“ဒေသခံတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့်တယ်။ နေအိမ်၊ ပရိဘောဂတွေနဲ့ စားသောက်ကုန်တွေကို ဖျက်ဆီးတာတွေ လုပ်တာကြောင့် ကျနော်တို့ အခုလို ပြန်လည်ခုခံမိုင်းဆွဲတာတွေ လုပ်ခဲ့တယ်ဗျ။ စစ် (-) အသေအပျောက်ကတော့ ၅ ဦး သေတယ်၊ ၂ ဦး ခြေပြတ်လက်ပြတ်ဖြစ်တယ်။ ဘာလို့ အဲဒီလိုပြောနိုင်ရတာလဲဆိုတော့ သူတို့ကို ကောင်းကောင်မြင်နိုင်မယ့် နေရာကနေ ကျနော်တို့ မြင်ရလို့ ပြောနိုင်တာဗျ။ သူတို့ဘက်ကလည်း ပြန်ပစ်တယ်။ ဒီကောင်တွေ ရမ်းပစ်ရတာဆိုတော့ ပစ်မှတ်ကို မှန်အောင်မပစ်နိုင်ဘူး။ ဒါကြောင့်မို့ ကျနော်တို့ဘက်က အကျဆုံးမရှိခဲ့ဘူး။” 

စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ဖို့ နည်းလမ်းပေါင်းစုံသုံးပြီး တိုက်ခိုက်ထိန်းချုပ်နေပေမဲ့ ထိန်းချုပ်လို့မရတာကြောင့် မြို့နယ်တွေမှာ ကျေးရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာအပြင် လေကြောင်းပစ်ကူတွေနဲ့ပါ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပုတီးကျေးရွာ ပြည်သူတွေရဲ့  နေအိမ်တွေကိုလည်း ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်အင်အား ၂၀၀ ကျော်နဲ့ မွန်းတည့် ၁၂ နာရီလောက်က ပုတီးကျေးရွာကို စတင်ဝင်ရောက်လာခဲ့ပြီး ညနေ သုံးနာရီလောက်မှာ စတင်မီးရှို့ခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။

"အင်အား ၂၀၀ ကျော်လောက်နဲ့ ကျွန်းလှ ခဝါသည်ရွာဘက်ကနေ တက်လာတယ်။ ၁၂ နာရီ လောက်တက်လါတာ။ ကျေးရွာကသူတွေလည်း ပြေးကြရတယ်။ ရွာထဲက အိမ်တွေကို ညနေ ၃ နာရီလောက်က စပြီးမီးရှို့တော့တာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ကျေးရွာစွန့်ခွာပြေးနေရတဲ့အတွက်  နေအိမ်ဘယ်လောက် မီးရှို့ဖျက်ဆီးခံရတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁ရက် ညပိုင်းကလည်း ပုတီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရောက်ရှိလာပြီး ဒေသခံပြည်သူတွေရဲ့ နေအိမ် ၁၀ လုံးထက်မနည်း ဖျက်ဆီးခဲ့ပါသေးတယ်။

3 months Ago
Up