စစ်ကိုင်းတိုင်း ကသာမြို့နယ်နယ်မှာ စစ်ကောင်စီက လူ ၅ ဦးထက် ပိုမစုဖို့ ပုဒ်မ ၁၄၄ ကို ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်နဲ့ ထုတ်ပြန်လိုက်တဲ့ အဆိုပါ အမိန့်ထုတ်ပြန်ချက်မှာ ကသာမြို့ပေါ် ရပ်ကွက်နဲ့ ကျေးရွာတွေမှာ အဖျက်အမှောင့်လုပ်သူတွေ မကြာခဏ လက်လုပ်မိုင်းနဲ့ ဌာနဆိုင်ရာ အဆောက်အဦတွေနဲ့ ဝန်ထမ်းနေရာတွေကို ဖောက်ခွဲမှုတွေရှိတဲ့အတွက် အများပြည်သူရဲ့ လုံခြုံရေးအရ ဆောင်ရွက်တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
အဲဒီအမိန့်ကြေညာချက်မှာ မြို့တွင်းယာဉ်တမျိုးမျိုးနဲ့ စုဝေးဟောပြောတာ၊ ဆန္ဒပြတာ ခွင့်မပြုကြောင်း၊ လူ ၅ ဦးထက်ပိုပြီး လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ်နဲ့ အများပြည်သူ သက်ဆိုင်တဲ့ နေရာတွေမှာ စုဝေးခွင့်မပြုဘူးလို့ ထုတ်ပြန်ထားပါတယ်။
KIA နဲ့ PDF တွေ အားကောင်းလာတာကြောင့် အခုလို အမိန့်ထုတ်ပြန်တာ ဖြစ်နိုင်တယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ကသာမြို့ဟာ စစ်တပ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဒီနေ့အချိန်အထိ စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရေး အားကောင်းတဲ့ မြို့တမြို့လည်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်ရဲ့ မြို့တော်ဖြစ်ပြီး ပြည်နယ်အစိုးရရုံးစိုက်ရာမြို့တော် တောင်ကြီးကို အာဏသိမ်း စစ်ကောင်စီတပ်က သြဂုတ် ၁ ရက်နေ့မှာ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၁၄၄ ထုတ်ပြန်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အဲဒီထုတ်ပြန်ချက်မှာ တောင်ကြီးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုခြင်းတွေကို မပြုလုပ်ဖို့နဲ့ လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက် ပိုသူများအနေနဲ့ လမ်းသွယ်၊ လမ်းကြားမကျန် အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်း မပြုလုပ်ဖို့ အပါအဝင် ည ၁၂ နာရီကနေ့ မနက် ၄ နာရီအထိ ညမထွက်ရလို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တော်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းကာ အဓမ္မဖမ်းဆီး ထောင်ချထားတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။
ဒါ့အပြင် ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရ ရှမ်းပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နဲ့ သတင်းမီဒီယာတွေကိုလည်း စစ်ကောင်စီက အဓမ္မ ဖမ်းဆီးထောင်ချထားပါတယ်။