ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လုထုဇော်ဝင်းနဲ့ ဒေသခံ ၂ ဦးကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဇန်နဝါရီ ၃ ရက်က ကျောက်တော်မြို့နယ်တရားရုံးမှာ တရားစွဲတင်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
“သူတို့ကို အမှုဖွင့်ထားတာ ၆ လကျော်ပါပြီ။ အခုမှ တရားစွဲတင်တာပါ။ အခုလို ၆ လအထိ ချုပ်ရမန်ရယူပြီး စစ်ဆေးနေတာတွေကတော့ ဥပဒေနဲ့ မညီတော့ဘူး။”
နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံရသူတွေဟာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်မှ ဦးဇော်ဝင်း (ခ) လူထုဇော်ဝင်း၊ ခေါင်းတုတ်ကျေးရွာမှ ဦးကျော်သန်းမောင်နဲ့ ပန်းဖဲချောင်းကျေးရွာမှ ဆေးလိပ်ကုမ္ပဏီ ဝန်ထမ်း ကိုဇော်မိုးထက်တို့ ဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
သူတို့သုံးဦးကို ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ် ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဇွန် ၃၀ ရက်နေ့က ကျောက်တော်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ကာ ၆ လကျော်အကြာ စစ်ဆေးမှုတွေပြုလုပ်ပြီး တရားစွဲခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီ ၂ ရက်ကလည်း ကျောက်တော်မြို့မှာ စစ်ကောင်စီ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၆ ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)/(၂) နဲ့ အမှုဖွင့် ချုပ်ရမန်ရယူတာမရှိဘဲ တိုက်ရိုက် တရားစွဲတင်ခဲ့ပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က နှစ်ဖက် ယာယီအပစ်ရပ်ထားခဲ့ပေမဲ့ ရခိုင်ပြည်နယ်ရှိ အေအေနဲ့ ပတ်သက်သူတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီး တရားစွဲတင် ထောင်ချနေတာတွေ ရှိနေတယ်လို့ ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေက ပြောပါတယ်။
“အပစ်အခတ် ရပ်ထားတယ်ဆိုပြီး မြို့တိုင်းရွာတိုင်းက အေအေနဲ့ ပတ်သက်သူတွေကို လိုက်ဖမ်းနေတာကတော့ တရားလွန်လာနေတယ်ဗျ။ အေအေနဲ့ ဆက်စပ်သူတွေကို ဖမ်းမယ်ဆို ရခိုင်တပြည်နယ်လုံးကို ဖမ်းရမှာ။”
အခုလို အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေက အေအေနဲ့ ဆက်စပ်သူတွေကို စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆို ထောင်ချနေတာကြောင့် အေအေနဲ့ ဆက်စပ်သူ ထောင်ချီပြီး တိမ်းရှောင်နေရကြောင်း ရခိုင်စစ်ရေးနဲ့ နိုင်ငံရေး လေ့လာသူတွေဆီက သိရပါတယ်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ ရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ဝန်ထမ်း ကိုအောင်မျိုးသန့်ကို စစ်ကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့တရားစွဲဆိုကာ ဇွန်လကုန်ပိုင်းမှာ ဖျာပုံထောင်ကို ပိုခဲ့တယ်လို့ အကျဉ်းထောင်အသိုက်အဝန်းကနေ သိရပါတယ်။
ကိုအောင်မျိုးသန့်ဟာ ပုဂံဇာတိဖြစ်ပြီး နေပြည်တော် ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)ရုံးချုပ်ကနေ ဘိုကလေးမြို့ကို တာဝန်စေလွှတ်ခဲ့လို့ ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့က တည်းခိုခန်းတစ်ခုမှာ ငှားရမ်းနေထိုင်စဉ် စစ်ကောင်စီတပ်သားတွေက ဧည့်စာရင်းဝင်စစ်ရင်း ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဧည့်စာရင်းဝင်စစ်ရင်းနဲ့ဖမ်းလာတာ ယုန်ထောင် ကြောင်မိပုံစံဖြစ်သွားတာ။ ဝင်စစ်တဲ့အချိန်မှာ သူဖုန်းထဲကနေ စစ်ကောင်စီကိုဆန့်ကျင်တဲ့ နိုင်ငံရေးပိုစ့်တွေကြောင့် ခုလို ပုဒ်မ အတပ်ခံလိုက်ရတာ အကျဉ်းထောင်ကို ပို့လိုက်ပြီ”လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ကိုအောင်မျိုးသန့်ကို စတင်ဖမ်းဆီးချိန်မှာ ဘိုကလေးမြို့မရဲစခန်းအချုပ်မှာသာ ထားရှိခဲ့ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ပြီး တရားစွဲစွဲဖို့ ထောင်တွင်းတရားရုံးမှာ စစ်ဆေးတာဖြစ်တာကြောင့် ဖျာပုံအကျဉ်းထောင်ကို ပြောင်းခဲ့တာလို့ ဆိုပါတယ်။
ကိုအောင်မျိုးသန့်ဟာ မိသားစုနဲ့လည်း အဆက်သွယ်ရတဲ့ပုံမရှိသလို ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO)ရုံးဘက်ကလည်း အကူအညီပေးမပေး မသိရသေးဘူး ဒေသခံတွေက ပြောပါတယ်။