close

ပုဒ်မ ၅၀၅(ခ) အမှု

close

November 16, 2021

သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့ ၃ ဦးတွဲ ပုဒ်မ ၅၀၅(ခ) အမှုကို နိုဝင်ဘာ ၃၀ ရက်နေ့ စီရင်ချက်ချမည်

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့ သုံးယောက်တွဲကို စစ်ကောင်စီက တရားစွဲထားတဲ့ ပုဒ်မ  ၅၀၅(ခ) အမှုအတွက် ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ရုံးချိန်းမှာ နှစ်ဖက်အပြီးသတ်လျှောက်လဲချက်တင်သွင်းခဲ့ကြပြီး နိုဝင်ဘာ ၃၀ ရက်မှာ  စီရင်ချက်ချဖို့ တရားရုံးက ဆုံးဖြတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

ပုဒ်မ ၅၀၅(ခ)အမှုကို တရားရုံးက စီရင်ချက်ချမယ်ဆိုရင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို စွဲဆိုထားတဲ့အမှုတွေထဲကနေ ပထမဆုံး စီရင်ချက်ချမယ့်အမှု ဖြစ်လာမှာဖြစ်ပါတယ်။ 

နိုဝင်ဘာ ၁၆ ရက်နေ့၊ နေပြည်တော်၊ ဇမ္ဗူသီရိအထူးတရားရုံးမှာ သမ္မတ၊ အတိုင်ပင်ခံနဲ့ ဒေါက်တာမျိုးအောင်တို့သုံးဦးတွဲ ၅၀၅(ခ) အမှုနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တဦးတည်းကို စွဲဆိုထားတဲ့ သဘာဝဘေးဥပဒေပုဒ်မ ၂၅ အမှုကိုလည်းစစ်ဆေးခဲ့ပါတယ်။

သဘာဝဘေးအမှုအတွက်   နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သက်သေအဖြစ်ထွက်ဆိုခဲ့ပါတယ်။ သဘာဝဘေးအမှုအတွက် နိုဝင်ဘာ ၂၃ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး အတိုင်ပင်ခံဘက်ကနေ မန္တလေးတိုင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က သက်သေအဖြစ်ထွက်ဆိုသွားဖို့ ရှိနေပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ကလည်း  သမ္မတနဲ့  အတိုင်ပင်ခံပုဂ္ဂိုလ်  အပါအဝင် နိုင်ငံ့ခေါင်းဆောင် ၁၆ ယောက်ကို တရားစွဲဆိုကြောင်း စစ်ကောင်စီပိုင်သတင်းစာတွေက နိုဝင်ဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပေမယ့် ကာယကံရှင်တွေနဲ့ ရှေ့နေတွေဆီကို တရားဝင် အကြောင်းကြားအသိပေးမှုမရှိသေးဘူးလို့လည်း စုံစမ်းသိရှိရပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ  ဦးလှသိန်းနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်နဲ့ ဦးသန်းဌေး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းသူ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ အပါအဝင် စုစုပေါင်း ၁၆ ဦးကို မဲမသမာမှု၊ ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုတွေနဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက လက်ရှိ  အမှု ၁၁ မှုနဲ့တရားစွဲထားတာဖြစ်ပြီး စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်က ထပ်စွပ်စွဲတဲ့အမှုနဲ့ဆိုရင် ရင်ဆိုင်ရမယ့်အမှု ပိုများလာမှာ ဖြစ်ပါတယ်။

52 seconds Ago
Up