close

ပုဗ္ဗသီရိမြို့နယ်

close

December 20, 2022

နေပြည်တော်တွင် ငလျင်လှုပ်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ကိုဗဟိုပြုပြီး   အင်အားရစ်ချ်တာစကေး ၄ ဒသမ၂ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်တစ်ခု ဒီဇင်ဘာ ၂၀ ရက်က  လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပါတယ်။

ဒီဇင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၀၁)မိနစ်၊ (၁၉) စက္ကန့်အချိန်မှာ နေပြည်တော်မြေငလျင်စခန်းမှ မြောက်ဘက် ၁၅ မိုင်လောက်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ပုဗ္ဗသီရိမြို့ရဲ့ မြောက်-အနောက်မြောက်ဘက် ၇ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၉၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်  ၉၆ ဒသမ ၁၅ ဒီဂရီ၊ အနက် ၅ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင် လှုပ်ရှားသွားတာလို့ သတင်းမှာဖော်ပြပါတယ်။

အဆိုပါငလျင်ကြောင့် လူတွေထိခိုက်တာနဲ့  နေအိမ်အဆောက်အအုံတွေ ပျက်စီးမှုသတင်းတွေက တော့ မကြားသိရသေးပါဘူး။

အခုရက်ပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းမှာ  မြေငလျင်တွေ ဆက်တိုက် လှုပ်ခတ်နေတာဖြစ်ပြီး ဒီဇင်ဘာ  ၁၉ ရက်ကလည်း မန္တလေး၊ တံတားဦးမြို့အနီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့  မြေငလျင်လှုပ်ခတ်သွားပါတယ်။

ဒီဇင်ဘာလ ၁၅ ရက် မနက်အစောပိုင်းကလည်း တံတားဦးမြို့အနီးမှာ ရစ်ချ်တာစကေး ၅ ဒသမ ၂ ရှိ  အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တခုလှုပ်ခတ်ခဲ့သလို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းကလည်း မန္တလေးမြို့မှာ နောက်ဆက်တွဲ ငလျင်ကြောင့် စေတီပုထိုးတော်တွေရဲ့ စိန်ဖူးတော်အများအပြား မြေခခဲ့ရကာ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ရဲ့ အနောက်ဘက် မိုင် ၂၀ လောက် အကွာကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၁ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။

8 mins Ago

November 9, 2020

ပုဗ္ဗသီရိမြို့နယ်၌ ကာကွယ်ရေးဝန်ကြီးဟောင်း ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ထပ်မံအရေးနိမ့် 

နေပြည်တော်၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်  ပြိုင်ဆိုင်မှုမှာတော့ ကြံ့ခိုင်ရေးပါတီက ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်အနေနဲ့ ပြိုင်ဖက်ဟောင်းဖြစ်တဲ့ အန်အယ်လ်ဒီပါတီက ဦးရည်မွန်(ခ)မောင်တင်သစ်ကို ထပ်မံရှုံးနိမ့် သွားပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးဝေလွင်ဟာ ၂၀၁၅ ရွေးကောက်ပွဲတုန်းက ဦးရည်မွန်ကို မဲ ၁၇၆ မဲ အကွာနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး အခုရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရရှိမယ်လို့ မျှော်လင့်ထားခဲ့တာပါ။  ဒါပေမဲ့ နောက်ဆုံး မဲရလဒ်တွေကို ရေတွက်ပြီးချိန်မှာတော့ အရင်ရွေးကောက်ပွဲထက် မဲကွာဟမှု ပိုမိုများပြားခဲ့ပြီး မဲ ၁၀၀၀၀ ကျော်  ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။ ပုဗ္ဗသီရိမြို့နယ်မှာ မဲရုံ ၇၉ ရုံ၊ ဆန္ဒမဲပေးခွင့်ရှိသူ ၉၀၀၀၀ ကျော်ရှိရာမှာ ကော်မရှင် အတည်ပြုချက်အရ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးရည်မွန်က မဲ ၄၃၀၀၀  ကျော်အထိ ရရှိခဲ့ပြီး ကြံ့ခိုင်ရေး ဦးဝေလွင်က ၃၂၀၀၀  ကျော်ရရှိခဲ့တာလည်းဖြစ်ပြီး ဦးရည်မွန်အနေနဲ့ နောက်ဆုံးပိတ် ပုံစံ ၁၉ မှာ လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။ လတ်တလောရရှိထားတဲ့ အချက်အလက်တွေအရ ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၈ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၂ နေရာရှိတဲ့အနက် အန်အယ်လ်ဒီပါတီက ၂၀၁၅ ခုနှစ်တုန်းကအတိုင်း ဇေယျာသီရိ ပြည်သူ့လွှတ်တော်တစ်နေရာသာ ရှုံးနိမ့်ပြီး ကျန်နေရာတွေမှာတော့ အနိုင်ရရှိနေပါတယ်။ ဓါတ်ပုံ - Mg Yee Mon's Facebook
2 years Ago
Up