တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွင်း မတ် ၁၃ ရက်နေ့ ညနေ ၃ နာရီလောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဗုံးက ရုံးအဆောက်အဦ အောက်ထပ်ရှိ လှေကားအနီး ပေါက်ကွဲသွားတာဖြစ်ပြီး ရုံးပိတ်ရက် ဂျူတီကျတဲ့ ဝန်ထမ်းအမျိုးသမီး (အကြီးတန်းစာရေး) တဦး ခြေတောက်နှစ်ဖက်မှာ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိသွားတယ်လို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ရုံးလှေကားတခုလုံး၊ ရုံးအဆောက်အအုံ အတွင်းပိုင်းနဲ့ ရုံးအောက်ထပ်ရှိ ပရိဘောဂတွေ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရှိရပါတယ်။
အဲ့ဒီဗုံးဖောက်ခွဲမှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) နဲ့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ PPDF က ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပြီး မကြာခင် နယ်မြေခံ ၂၈၅ စစ်တပ်က ဗုံးပေါက်ကွဲခဲ့တဲ့ ထွေအုပ်ရုံးကို လာရောက်စစ်ဆေးခဲ့ကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ ရုံးဝန်ထမ်းအမျိုးသမီးအား ပုလောမြို့နယ် ပြည်သူ့ဆေးရုံကတဆင့် မြိတ်မြို့ ဆေးရုံကို ဆက်လက်ပို့ဆောင် ဆေးကုသပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကလည်း ထွေအုပ်ရုံးဧရိယာအတွင်းရှိ မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ် အနောက်ဘက်ကပ်လျက် ခြံစည်းရိုးအနီးမှာ ဗုံး ၁ လုံးနဲ့ ပုလောစရဖရုံး အနီးမှာ ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။