တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့အရှေ့ဘက်မှာရှိတဲ့ ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ ရိက္ခာဖြတ်တောက်မှုတွေကြောင့် ဧပြီလအတွင်း ဒေသခံတွေ စားနပ်ရိက္ခာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “ဆန်ဝယ်စားချင်ရင် ထောက်ခံစာပါမှရတယ်။ ဆန်ဆိုရင် သုံးပြည်၊ ဆီဆိုတဘူးနဲ့ ကြက်သွန်နီဆို အစိတ်သား အဲဒီထက်ပိုသယ်ခွင့်ပေးဘူး။ စကစက ဆန်ပိုင်ရှင်တွေကို ထောက်ခံစာမပါရင် ရောင်းလို့မရဘူးလို့ ဆန်ဆိုင်ပိုင်ရှင်တွေကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းထားတယ်။ ဆန်အပါအဝင် ခေါက်ဆွဲခြောက်တွေတောင်မှ ပိုသယ်ခွင့်မပေးဘူး။ အိမ်မှာ မိသားစုများရင် ဆန်သုံးလေးပြည်လောက်က ဘယ်လောက်မှ မစားရဘူး။ ပုလောမြို့ပေါ် ခဏခဏသွားရတော့လည်း PDF လို့စွပ်စွဲခံထိပြီး ပစ်သတ်ခံရမှာ ကြောက်ရသေးတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဘက်က မြိတ်မြို့၊ ကျွဲကူးတံတားမှာရှိတဲ့ စစ်ဆေးရေးဂိတ်၊ ပလဂိတ်နဲ့ ပုလောမြို့မှာရှိတဲ့ မကျည်းကုန်းဂိတ်တွေမှာ စားနပ်ရိက္ခာသယ်ယူတာကို စစ်ဆေးတာတွေရှိပြီး ပုလောမြို့နယ် ကျေးရွာအတွင်းမှာရှိတဲ့ ကုန်ခြောက်ဆိုင်တွေမှာ ရိက္ခာပစ္စည်း ပြတ်လပ်နေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။
ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာမှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ ပုလောဒေသခံသုံးယောက်ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး တယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သေဆုံးသူ အသက် ၄၇ နှစ်အရွယ် ဦးမျိုးလွင်ဟာ အရင်က ကြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း သားဖြစ်သူနဲ့အတူ စခန်းသစ်ကျေးရွာမှာ သစ်လုပ်ငန်း လာရောက်လုပ်ကိုင်နေတယ်လို့လည်း သိရပါတယ်။
“စကစက ဘာအကြောင်းပြချက်မှ မပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားကြတာ။ ဖမ်းခေါ်ဆောင်ပြီး ၂ ရက်အကြာမှာ ဦးမျိုးလွင်ရဲ့ရုပ်အလောင်းကို လာယူခိုင်းတယ်” လို့ နီးစပ်ရာအသိုင်းအဝိုင်းက ပြောပါတယ်။
အဆိုပါ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကြဲရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့ သားဖြစ်သူနဲ့ ဆွေမျိုးတော်စပ်သူတဦးပါ ပါဝင်ပြီး မြိတ်မြို့ရဲ့ စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက “ဖမ်းခံရသူနှစ်ယောက်မှာ ဒဏ်ရာတွေရှိတယ်။ မိသားစုဝင်တွေကို ဆေးဝါးလာပို့ခိုင်းတယ်။ လူချင်းတော့ ပေးမတွေ့ဘူး” လို့ ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းကို မိသားစုဝင်တွေ သွားယူပေမဲ့ အခုအချိန်အထိ မရရှိသေးကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းကနေ သိရပါတယ်။