close

ပုလောမြို့နယ်

close

April 25, 2023

ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရ၊ ဒေသခံများအား စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီစခန်းကို ဧပြီ ၂၄ ရက် ညနေ ၆ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ပုလောဒေသကာကွယ်ရေးအဖွဲ့နဲ့ ပူရိယက္ခညီနောင် စစ်ကြောင်းတို့ပါဝင်တဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ တပ်စခန်းကို မြေပြင်ကနေ တိုက်ခိုက်တာအပြင် ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့လည်း ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ကျရှုံးမှု မရှိဘဲ စစ်ကောင်စီဘက်က ထိခိုက်ကျရှုံးမှုကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “စစ်ကောင်စီတပ်တွေရှိရာ နေရာတွေမှာ အချိန်မရွေး တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာမှာနေပေးကြဖို့ သတိပေးချင်ပါတယ်” လို့ ပြောပါတယ်။

ပုလောမြို့နယ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာခံထားရပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အချိန်မရွေး တိုက်ပွဲဖြစ်ပွားတဲ့ ဒေသလည်း ဖြစ်တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်မှာပဲ ပြီးခဲ့တဲ့တပတ်အတွင်း စစ်ကောင်စီတပ်က အမျိုးသမီးတွေ အပါအဝင် ဒေသခံတချို့ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ဈေးသွားပြီးပြန်လာတဲ့ အမျိုးသမီးနှစ်ဦးကို ပုလောမြို့၊ အမှတ် ၄ ရပ်ကွက် စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးလိုက်တယ်လို့ နီးစပ်ရာ ဆွေမျိုးတွေဆီက သိရပါတယ်။

“ဘာကြောင့်ဖမ်းဆီးတာလဲတော့ မသိရသေးဘူး။ ရိုက်နှက်တာတွေတော့ မရှိဘူး” လို့ နီးစပ်ရာ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်မှာပဲ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် မနက်ပိုင်းက လက္ကူးကျေးရွာမှာ ကုန်ခြောက်ဆိုင်ဖွင့်ထားတဲ့ လင်မယားနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးခံရတဲ့သူတွေကို ပုလောမြို့အခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှာ ထိန်းသိမ်းထားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ပုလောမြို့ ခလရ ၂၈၅ တပ်ရင်းမှာ အမျိုးသမီး ၁၀ ဦးမက ဧပြီလအတွင်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပုလောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ပုလောတံတားစစ်ဆေးရေးဂိတ်၊ မကျည်းကုန်း စစ်ဆေးရေးဂိတ်၊ ပလစစ်ဆေးရေးဂိတ်၊ အမှတ် ၅ လမ်းဆုံ စစ်ဆေးရေးဂိတ်နဲ့ နန်းတောင်စစ်ဆေးရေးဂိတ်တို့မှာလည်း  စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေ အပေါ် စားနပ်ရိက္ခာသယ်ယူခွင့် ကန့်သတ်တာတွေ၊ လိုင်စင်မရှိတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်ငွေညှစ် ဖမ်းဆီးတွေလုပ်နေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

2 days Ago

April 24, 2023

ခမောက်ကြီးနှင့် ပုလောမြို့နယ်တို့တွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာအနီး ရာဘာခြံထဲမှာ ဒေသခံပြည်သူ ၁ ဦးကို ဧပြီ ၂၃ ရက် မနက် ၉ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်သတ်သွားတယ်လို့ ကော့သောင်း ‌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူဆီက သိရပါတယ်။

ပစ်သတ်ခံရသူ အမျိုးသားမှာ အသက် ၄ဝ ကျော်အရွယ် မောင်လတ် ဆိုသူဖြစ်ပြီး ကျေးရွာနဲ့ တမိုင်ကျော်ဝေးတဲ့ ရာဘာခြံထဲမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ကာ ရာဘာခြံထဲရှိနေတဲ့အချိန် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ လာရောက်ပစ်သတ်သွားတာလို့ သိရပါတယ်။

ကော့သောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “သူက ရာဘာခြံ အလုပ်သမားတဦးပါ။ ဘာအပြစ်မှလည်း မရှိဘူး။ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်သွားတာပါ။ သူက ဒီရွာသားတယောက်ပါပဲ။ အင်အား ၃ဝ လောက် စစ်ကြောင်းထိုးလာတဲ့အချိန် ပစ်သတ်သွားတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ခမောက်ကြီးမြို့ ရှမ်းကိုးရွာက ဒေသခံ ၇ ဦးကို စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့လည်း သိရပါတယ်။

ခမောက်ကြီးမြို့ ရှမ်းကိုးရွာမှာ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး စစ်ကောင်စီတပ်က မကြာခန စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်တာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

အလားတူ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလဂိတ်မှာ စစ်ကောင်စီတပ်သားတွေက အရပ်သား ၂ ဦးကို ဧပြီ ၂၂ ရက် မနက် ၁၀ နာရီမှာ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သတ်ဖြတ်ခံရသူ ဦးကျော်ထွန်းနဲ့ သားဖြစ်သူတို့မှာ ကြဲရွာသားတွေဖြစ်ကြပြီး ဦးကျော်ထွန်းရဲ့ ဇနီး ဒေါ်ရီရှင် ရှိရာ ထိုင်းနိုင်ငံကို သွားမယ့်လမ်းမှာ ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက “ပလဂိတ်မှာ အရပ်သား ၂ ဦး ဖမ်းဆီးခံရတာတော့ ဟုတ်တယ်။ အလောင်းတွေ ပြန်ရတာတော့ မရှိသေးဘူး။ သေဆုံးမှုအတွက် ကျနော်တို့ဘက်က အတည်မပြုရသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

“ပလဂိတ်မှာ စစ်တပ်က အရပ်သား ၂ ဦးကို ကားပေါ်ကနေဆွဲချပြီး ဖမ်းပြီး ပစ်သတ်လိုက်တယ်။ သတ်ခံရတဲ့သူတွေက အရင် ကြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးလွင်နဲ့ ဆွေမျိုးတော်စပ်သူတွေဖြစ်တယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ကြဲရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးလွင်ကို စစ်ကောင်စီတပ်သားတွေက ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်းလောက်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

3 days Ago
Up