close

ပုလောမြို့

close

April 21, 2023

ပုလောမြို့တွင် မီးလောင်ပြီး နေအိမ် ၂၀ ခန့် ဆုံးရှုံး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် ၁ ရပ်ကွက်၊ ဗိုလ်မှူးခင်မောင်လမ်း၊ ရွှေပင်လယ်လမ်းသွယ်ရှိ လူနေအိမ်မှာ ဧပြီ ၂၁ ရက် နေ့လယ် ၃ နာရီဝန်းကျင်လောက်က မီးလောင်ကျွမ်းခဲ့တယ်လို့ ‌ေဒသခံတွေထံက သိရပါတယ်။

“ပေါ့ဆမီးလို့ သိရပါတယ်။ လောင်တဲ့အိမ်က အိမ်ငှားက ထမင်းချက်ခဲ့တဲ့ မီးစတွေကို မီးဖိုနံဘေးမှာချခဲ့ပြီး မီးငြိမ်းပြီအထင်နဲ့ ထားခဲ့ရာကနေ စလောင်တာပါ။ မီးလောင်တဲ့အချိန် အိမ်ငှားက မှတ်ပုံတင်ရုံးရောက်နေတာပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပုလောမြို့၊ အမှတ် ၁ ရပ်ကွက်ရှိ နေအိမ် ၂၀ လောက် မီးလောင်ကျွမ်းခဲ့ပြီး ဖျက်ချလိုက်ရတဲ့ အိမ်တွေလည်း ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါမီးကို မီးသတ်ဌာန၊ ရပ်ကွက်အတွက် ရေရောင်းနေတဲ့ ရေကားနဲ့ ဒေသခံတွေက ဝိုင်းဝန်းငြိှမ်းသတ်ခဲ့လို့ ညနေ ၄နာရီခွဲလောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“လောင်တဲ့အိမ်ရဲ့ နံဘေးအိမ်က အိမ်ရှင်အမကတော့ ကိုယ်ဝန်နဲ့ဆိုတော့ သူ့အိမ် မီးလောင်တာမြင်ပြီး မေ့လဲသွားတယ်။ အိမ်ဖျက်ချပေးတဲ့သူတယောက်လည်း ကျောက်ပတ်တီး စည်းလိုက်ရတယ်။ သေဆုံးသူတော့ မရှိပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်ရာမှာ ပါသွားတဲ့အိမ်တွေရဲ့ ပိုင်ရှင်တွေကို သက်ဆိုင်ရာဌာနကနေပြီး မိုးလုံလေလုံကွင်းကို ကားနဲ့ခေါ်ဆောင်သွားတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။

12 hours Ago

March 31, 2023

ပုလောမြို့တွင် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ဒေသခံလူငယ်များကို ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့၊ အမှတ် ၁ ရပ်ကွက်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေက  ရပ်ကွက်နေ လူငယ်တချို့ကို မတ် ၂၉ ရက် ညနေ ၃ နာရီက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ ကင်းစခန်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ညနေပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က အမှတ် ၁ ရပ်ကွက်ရှိ လူငယ် ၃၀ နီးပါးကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့  ဒေသခံတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျနော်တို့ မနေ့က အမှတ် ၁ ရပ်ကွက်မှာရှိတဲ့ စကစရဲ့ ရဲစခန်းနဲ့ ပုလောတံတားထိပ်မှာရှိတဲ့ ကင်းစခန်းတခုကို ဒရုန်းနဲ့ ဗုံး ၂ လုံးချ တိုက်ခိုက်ခဲ့တယ်။ ကင်းစခန်းတခုမှာ ချလိုက်တဲ့ ဗုံးကတော့ ပေါက်ကွဲသွားပြီး ရဲစခန်းကိုချလိုက်တဲ့ ဗုံးကတော့ မပေါက်ဘူး။ စကစဘက်က အထိအခိုက်ရှိတယ်” လို့ ပြောပါတယ်။

အမှတ် ၁ ရပ်ကွက်ဘက်မှာ ပစ်ခတ်သံတွေ ကြားရပြီးနောက် လူငယ်တွေကိုလည်း ကားတစီးစာ ဖမ်းဆီးသွားကြတယ်ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တွေရဲ့ အရေအတွက် အတိအကျကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒေသခံတဦးကလည်း “ဒီမှာ ဖမ်းမိသွားတဲ့ အမျိုးသမီးကို စကစ သေနတ်ထောက်ပြီး ငွေညှစ်တယ်။ အဲဒီအမျိုးသမီးတွေကို ၄ နာရီလောက်ဖမ်းပြီး ပြန်လွှတ်ပေးတယ်။ အမျိုးသားတွေကျတော့ ပြန်လွတ်တဲ့သတင်းလည်း မကြားရသေးဘူး။ ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးပါဘူး” လို့ ပြောပါတယ်။

3 weeks Ago
Up