close

ပုလဲလမ်းဆုံ

close

May 1, 2023

ပုလဲလမ်းဆုံအနီး အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီး ၁ ဦး YBS ဘတ်စ်ကား တိုက်ခံရပြီး သေဆုံး

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပုလဲလမ်းဆုံအနီး ကုဋေကြွယ်လက်ဖက်ရည်ဆိုင် အရှေ့ အမှတ် (၃) လမ်းမပေါ်မှာ ဧပြီ ၃၀ ရက် ညနေပိုင်းက အထည်ချုပ်စက်ရုံဝန်ထမ်း အမျိုးသမီးငယ် တယောက် ကို YBS 92 က တိုက်မိကာ တက်ကြိတ်မိတာကြောင့် သေဆုံးသွားတယ်လို့ ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ 

အသက် ၂၅ ဝန်းကျင်ခန့်ရှိ အမျိုးသမီးငယ်ဟာ စက်ရုံဆင်းချိန် ညနေ ၅ နာရီလောက်မှာ ကားလမ်းဖြတ်ကူးရာမှ YBS 92 က ဝင်တိုက် တက်ကြိတ်တာကြောင့် ဦးခေါင်းပွင့်ထွက် ဒဏ်ရာနဲ့ ပွဲချင်းပြီး သေဆုံးသွားတာပါ။ 

သေဆုံးသူဟာ စစ်ကိုင်း၊ မုံရွာမြို့နယ်ကနေ မင်္ဂလာဒုံမြို့နယ်မှာ အဒေါ်ဖြစ်သူနဲ့နေထိုင်ကာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ သိရပါတယ်။ 

ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တဦး "ပုလဲလမ်းဆုံနားမှာ အထည်ချုပ်ကနေ အလုပ်ပြန်လာရင်း လမ်းဖြတ်ကူးတယ်။ အဲဒီနေရာမှာ လမ်းကွေ့မယ့်ကားက ရှိတယ်။ အဲဒါကို YBS ၉၂ က ပတ်ကျော်တယ် ပြောတယ်။ ကောင်မလေးကို တိုက်မိတယ်။ ကျော်ရင်းနဲ့ တက်ကြိတ်သလို ဖြစ်သွားတာ”လို့ ပြောပါတယ်။ 

သေဆုံးသူရဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပြီး ဒေသခံတွေရဲ့ ပြောပြချက်အရ ယာဉ်တိုက်မှုဖြစ်ပေါ်ခဲ့တဲ့ ပုလဲလမ်းဆုံအနီးနေရာက စက်ရုံဆင်းချိန်ဆို ယာဉ်ကြောပိတ်ဆို့ကာ ယာဉ်မတော်တဆမှုအတွက် အန္တရာယ်ရှိတယ်လို့ သိရပါတယ်။

လူကို ဝင်တိုက်ခဲ့တဲ့ YBS 92 က ယာဉ်မောင်းကို မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

8 mins Ago

November 14, 2022

မင်္ဂလာဒုံမြို့နယ် ပုလဲလမ်းဆုံတွင် ရိုဟင်ဂျာ ၉ ဦး ဖမ်းဆီးခံရ

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် အမှတ် ၃ လမ်းမကြီး ပုလဲလမ်းဆုံမှာ နိုဝင်ဘာ ၁၃ ရက်နေ့  ည ၈ နာရီခွဲက ရိုဟင်ဂျာ ၉ ဦး ဖမ်းမိရမိခဲ့တယ်လို့  သိရပါတယ်။

သဃန်းကျွန်းကြီးကျေးရွာ ပုလဲလမ်းဆုံနဲ့ ရခိုင်ဘုန်းကြီးကျောင်းမှတ်တိုင်ကြားမှာ ကားပေါ်က ဆင်းလာတဲ့ ရိုဟင်ဂျာတွေကို တွေ့ရှိကြောင်း သတင်းပေးပို့ခဲ့ရာမှ ဖမ်းဆီးခံခဲ့ရတာလို့ ကျေးရွာနေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ယောင်ယောင်လည်လည်ဖြစ်နေလို့ ရပ်ကွက်အုပ်ချုပ်ရေးကနေ စစ်တပ်ကို အကြောင်းကြားလိုက်တာ အာ့ကြောင့်လာဖမ်းသွားတာ ၉ ယောက်မိသွားတယ်။" 

ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာ ၉ ဦးမှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးဖြစ်ပြီး တဦးကို ၁၅ သိန်းကျပ်နဲ့ အမျိုးသားနှစ်ဦးက ရန်ကုန်ကိုခေါ်ဆောင်လာခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ယောက်ကျ်ားလေး ၅ ယောက် နဲ့ မိန်းကလေး ၂ ယောက်ကို ကားနဲ့ခေါ်လာတယ်၊ ကျန်တဲ့ မိန်းကလေး ၂ ယောက်ကို လေယာဥ်နဲ့ခေါ်လာတယ်။ တဦးကို ၁၅ သိန်းပေးရတယ်လို့ သိရတယ်။ ခေါ်လာတဲ့သူတွေကို မမိဘူး။" 

ဖမ်းဆီးရမိတဲ့ ရိုဟင်ဂျာ ၉ ဦးကို မင်္ဂလဒုံမြို့မရဲစခန်းမှာ လတ်တလော စစ်ဆေးနေပြီး လဝကဥပဒေနဲ့ အရေးယူဆောင်သွားမယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ ညပိုင်းကလည်း လှည်းကူးမြို့နယ် တာဆုံလမ်းဆုံမှာ ရိုဟင်ဂျာ ၆ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့လတွေက ရိုဟင်ဂျာ ၃၀၀ နီးပါးဖမ်းဆီးရမိခဲ့ပြီး မြို့နယ်အသီးသီးရှိ တရားရုံးတွေမှာ လဝကဥပဒေတွေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ 

6 months Ago
Up