ဧရာဝတီတိုင်း ပုသိမ်မြို့ ဆေးရုံကြီးမှာ ကိုဗစ်-၁၉ကြောင့် ၁ ဦး သေဆုံးခဲ့ပြီး ၇ ရက်အတွင်း သေဆုံးသူ ၄ ဦးအထိရှိလာပြီ ဖြစ်ပါတယ်။
ပုသိမ်မြို့ ပုသိမ်ဆေးရုံကြီးမှာ ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ ကိုဗစ်ရောဂါနဲ့ သေဆုံးသူ ၄ ဦး ရှိကြောင်း ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
"သေတာ ၄ ယောက်ရှိပြီးလို့ ကြေညာတယ်။ အသက် ၆၀ ကျော်တွေလို့ကြားတယ်၊ ကျန်တာ တိတိကျကျ ထုတ်ပြန်တာတွေတော့မရှိဘူး။ မြို့အ၀င်စစ်တာ Mask ဝေတာတွေတော့ လုပ်တယ်" လို့ ပုသိမ်မြို့ခံတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၉ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ ကိုဗစ်ပိုးတွေ့သူ ၄၅၄ ဦး အထိရှိကြောင်း မြို့နယ်အုပ်ချူပ်ရေးအဖွဲ့ဆီက သိရှိရပါတယ်။
ပုသိမ်မြို့မှာ တတိယလှိုင်းကာလ ဇူလိုင် ၁ ရက်မှ အောက်တိုဘာ ၃၁ ရက် အထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၁၂၄၃ ဦးရှိခဲ့ကြောင်း မနောဖြူ ပရဟိတအဖွဲ့ဆီက သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်ထားခဲ့တဲ့ ပုသိမ်ဆေးရုံကြီးကို ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် အဖမ်းခံရပြီးနောက်ပိုင်း မတ်လ ၁၉ ရက်နေ့ကစတင်ကာ ပြန်လည်ဖွင့်လှစ် လိုက်တယ်လို့ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေထံက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်မှာ အမိန့်မနာခံလိုတာကြောင့် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က ပိတ်ထားခဲ့ပေမယ့် ဆရာကြီး အဖမ်းခံရပြီးနောက်ပိုင်း ခုလိုပြန်လည်ဖွင့်လှစ်ခဲ့တဲ့ အပေါ် ပြည်သူတွေအကြားဝေဖန်မှုတွေလည်း ရှိနေပါတယ်။
"ဆရာကြီးကိုယ်တိုင် ဒီစစ်အာဏာရှင်ကို လက်မခံဘဲ ပိတ်ထားခဲ့တာ ဒါပေမဲ့ဆရာကြီး အဖမ်းခံရတော့ ချက်ခြင်းဆိုသလို ပြန်ဖွင့်လိုက်တယ်၊ တော်တော်သစ္စာမဲ့တဲ့ လုပ်ရပ်ပါ။ ဒုဆေးရုံအုပ်က ဦးဆောင်ပြီး ပြန်ဖွင့်တာပါ''လို့ မြို့ခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဒီဗွီဘီကိုပြောပါတယ်။
လက်ရှိအချိန်မှာ ပုသိမ်ပြည်သူ့ဆေးရုံကြီးကို အထူးကုဆရာဝန်ကြီး တချို့နဲ့ စစ်တပ်က ဆရာဝန် သူနာပြုတွေလာရောက်ပြီး အရေးပေါ် ဌာနကိုသာ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ပုသိမ်ဆေးရုံကြီးက ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းအများစုကတော့ CDM ပြုလုပ်နေဆဲဖြစ်ပြီး အလုပ်ပြန်ဝင်ဖို့အတွက် ဖိအားပေးတာမျိုးတွေလည်း ရှိတယ်လို့ ဝန်ထမ်း တစ်ဦးက ပြောပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကိုတော့ တိုင်းကောင်စီရုံးမှာ အစည်းဝေးရှိတယ်ပြောဆိုကာ မတ်လ ၁၂ ရက်နေ့က ခေါ်ဆောင်ဖမ်းဆီးသွားတာဖြစ်ပြီး ခုချိန်ထိ မိသားစုနဲ့ အဆက်သွယ်မရသေးဘူးလို့ သိရပါတယ်။