ဧရာဝတီတိုင်းမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရာမှာပါဝင်ခဲ့တဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်အပါဝင် ဆေးရုံအုပ်တွေ၊ CDM ဝန်ထမ်းတွေနဲ့ အုပ်ချုပ်ရေးမှူးတွေအပါဝင် စုစုပေါင်း ၂၇ ဦးကို သြဂုတ် ၂ ရက်နေ့ ပြန်လွှတ်ပေးသွားမယ်လို့ သိရပါတယ်။
ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးတဲ့အထဲမှာ ပြန်လွှတ်ဖို့ ကျန်ခဲ့တဲ့အထဲက ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးဟောင်းတွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သဘောထားမှတ်ချက်တွေယူပြီး အမှုပိတ်သိမ်း ပြန်လွှတ်ပေးဖို့ ဇူလိုင်လ ၃၁ ရက်နေ့မှာ ရဲတပ်ဖွဲ့က ညွှန်ကြားလာခဲ့တာလို့ တိုင်းရဲတပ်ဖွဲ့က သိရပါတယ်။
သြဂုတ်လ ၂ ရက်နေ့ အမှုရုတ်သိမ်းပြန်လွှတ်ပေးမယ့်အထဲမှာတော့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး၊ မဲဇလီကုန်းတိုက်နယ်ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း ၂ ဦး၊ အုပ်ချုပ်ရေးမှူး ၅ ဦး၊ ကျောင်းအုပ်ဆရာ ၂ ဦးနဲ့ CDM မှာပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေဖြစ်တယ်လို့ သိရပါတယ်။
ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်အပါဝင် ပြန်လွှတ်ပေးမယ့် CDM ဝန်ထမ်းတွေကို အကြမ်းဖက်စစ်အုပ်စု ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။
ပင်းတယမီးအိမ်ရှင်လို့လူသိများတဲ့ ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်ကို မတ်လ ၁၂ ရက် နေ့လည်ပိုင်းမှာ ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားတယ်လို့ သတင်းတွေထွက်ပေါ်လာပြီး အဆက်အသွယ်မရတော့လို့ သူ့ရဲ့မိသားစုက စိုးရိမ်နေပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက ဒေါက်တာ သန်းမင်းထွဋ်ကို တိုင်းစီမံအုပ်ချုပ်ရေးကောင်စီရုံးမှာ အစည်းဝေးလုပ်ဖို့လာရောက် ခေါ်ဆောင်ရာကနေ ဖုန်းစက်ပိတ်ထားပြီး ဒီနေ့ည ၈ နာရီအထိ အဆက်အသွယ်မရတော့တာလို့ ဆရာကြီးနဲ့ နီးစပ်သူတွေက DVB ကိုပြောပါတယ်။
ဒေါက်တာ သန်းမင်းထွဋ်ကို ဘယ်နေရာကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိတဲ့အတွက် အဆက်အသွယ်မရရှိသေးပဲ ဆေးရုံအုပ်ကြီး၏မိသားစုက စိုးရိမ်နေကြသလို ပုသိမ်ဆေးရုံကြီး အနီးတဝိုက်မှာ ပြည်သူတချို့ကစုရုံးပြီး အခြေအနေ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။
ဒေါက်တာ သန်းမင်းထွဋ် ခုလို ဖမ်းဆီးခံရတာဟာ မတ်လ ၁၀ ရက်နေ့က တိုင်းကောင်စီရုံးမှာ ပြုလုပ်တဲ့ အစည်းအဝေးမှာ ဆေးရုံပြန်ဖွင့်ဖို့ ကိစ္စကို လက်မခံခဲ့လို့ ဖြစ်နိုင်တယ်လို့ မြို့ခံတွေက ပြောဆိုပြီး စိတ်ပူပန်နေကြပါတယ်။
လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတော့ ဆရာဝန်ကြီးက ဧရာ၀တီတိုင်းစစ်ကောင်စီရုံးရဲ့ လမ်းတစ်ဖက်ရှိ ဆေးရုံကြီးသို့ လမ်းလျှောက်ပြန်လာချိန်မှာ လမ်းမှာ ရဲနဲ့စစ်တပ်က အင်အားသုံး တွန်းတင်ခေါ်ဆောင်သွားခဲ့တာဖြစ်ကြာင်းနဲ့ ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
ပင်းတယ မီးအိမ်ရှင် ဒေါက်တာ သန်းမင်းထွဋ် ခုလိုဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြို့ခံတွေက ရဲစခန်းရှေ့တွေမှာ သွားရောက်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုဖို့ရှိနေပါတယ်။