close

ပုသိမ်ဗဟိုမဏ္ဍပ်

close

April 16, 2022

ပုသိမ်ဗဟိုမဏ္ဍပ်အနီး ဗုံးပေါက်ကွဲ CCTV များစစ်ဆေးနေ

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီ ဗဟိုမဏ္ဍပ်နား ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သင်္ကြန်အတက်နေ့ ပိတ်ပွဲကျင်းပဖို့ ပြင်ဆင်နေချိန်  မွန်းလွဲ  ၁၂ နာရီ ၄၅ မိနစ်လောက်မှာ ရေပေါ်စျေးဘက် အမှိုက်ပုံထဲကနေ ထပေါက်ကွဲတာဖြစ်ပြီး လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတော့ မရရှိပါဘူး။ 

"ဗဟိုမဏ္ဍပ်နားပေါ့ ရေပေါ်ဈေးအမှိုက်ပုံမှာပေါက်တာ။  ခုတော့ သိတဲ့အတိုင်း ဟိုကောင်တွေခြေရှုပ်နေတယ် CCTV တွေကိုလည်း လိုက်စစ်နေတယ်။ ပိတ်ပွဲက ၂ နာရီလုပ်မှာ''လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် မဏ္ဍပ်မှာ ရေပတ်တာရော သီချင်းဖွင့်ထားတာပါအားလုံးရပ်ဆိုင်းသွားသလို စစ်ကောင်စီတပ်သားတွေကလမ်းတွေကို ပိတ်ဆို့နေပြီး ပေါက်ကွဲမှုဖြစ်တဲ့နားက စျေးဆိုင်တွေမှာ CCTV မှတ်တမ်းကို စစ်ဆေးကြည့်ရှုနေပါတယ်။

ပုသိမ်မြို့ကဗဟိုမဏ္ဍပ်ကို စစ်ကောင်စီခန့် တိုင်းဝန်ကြီးချုပ်လာရောက်ပြီး သင်္ကြန်ပိတ်ပွဲပြုလုပ်မယ့်အချိန်မတိုင်ခင် နာရီပိုင်းအလိုမှာ ဗုံးပေါက်ကွဲခဲ့တာလို့ မြိုခံတဦးက ပြောပါတယ်။

ဧရာဝတီတိုင်း မအူပင်မြို့နဲ့  ကျောင်းကုန်မြို့တွေမှာလည်း  ဧပြီ ၁၅ ရက်က ဗုံးပေါက်ကွဲခဲ့သလို  ဧပြီ ၁၆ ရက်မှာလည်း  ဖျာပုံမြို့နဲ့  ဟင်္သာတမြို့တွေမှာ  ဗုံးပေါက်ကွဲခဲ့ပါတယ်။

2 mins Ago
Up