ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ပုသိမ်- ငပုတောကားလမ်းဘေး အုတ်စီကုန်းကျေးရွာနေ အမျိုးသား တယောက်ကို ရင်ဘတ်မှာ “ကမ္ဘာမကြေဘူး” စာသား တက်တူးဆေးမင်ကြောင်ထိုးတဲ့အတွက် စစ်တပ်က ဖမ်းဆီးထားပြီး ၃ ရက်ကြာအထိ ပြန်လွှတ်မပေးသေးဘူးလို့ သိရပါတယ်။
အုတ်စီကုန်းကျေးရွာနေ ကိုဖိုးဇော်ဟာ အသိမိတ်ဆွေတစ်ဦး ဖမ်းဆီးခံထားရတဲ့ သတင်းကြောင့် သွားရောက်ကြည့်ရှုရာ ရင်ဘတ်မှာထိုးထားတဲ့ ကမ္ဘာမကြေဘူး စာသားကို စစ်သားက တွေ့ပြီး ဖမ်းဆီးခံရတာပါ။
“စစ်တပ်က မသင်္ကာလို့ဖမ်းထားတဲ့ သူ့မိတ်ဆွေကို သွားကြည့်တာ။ ဖိုးဇော်က အပေါ်အင်္ကျီ ချွတ်လာတာ။ ရင်ဘတ်မှာ "ကမ္ဘာမကြေဘူး” တက်တူး ထိုးထားတာတွေ့ပြီး မင်းက ဘယ်သူ့ကို ကမ္ဘာမကြေဘူးလဲ မေးပြီး ဖမ်းသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အုတ်စီကုန်းကျေးရွာနဲ့ ကပ်လျက်ရှိတဲ့ ကန်ကြီးထောင့်မြို့နယ်က ဆင်ခေါင်းကြီးကျေးရွာမှာလည်း အောက်တိုဘာ ၃၁ ရက်က ဦးမျိုးသန့်ဆိုသူကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက် ဖမ်းဆီးသွားပါသေးတယ်။
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်အတွင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်တဦး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရတယ်။
ကြောင်ပန်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ကြီး ဆိုသူကို မွန်းတည့် ၁၂ နာရီခွဲလောက် ရှင်းလင်းနိုင်ခဲ့တယ်လို့ ပုသိမ်ခရိုင်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“သူက အုပ်ချုပ်ရေးမှူးအပြင် စစ်ကောင်စီသတင်းပေး လုပ်နေတာ ပြည်သူတွေကို ခြောက်လှန့်တာတွေ စစ်ကောင်စီတပ်တွေခေါ်ပြီး ပြဿနာရှာတာတွေလုပ်နေတာမလို့ ရှင်းရတာဖြစ်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ကျော်ကြီးကို ရှင်းလင်းပြီးနောက်ပိုင်းမှာ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ပြီး လုံခြုံတဲ့နေရာကိုရောက်နေပြီလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ကျေးရွာထဲကို စစ်အုပ်စုတပ်သားတွေရောက်နေပြီး ရွာထဲကို ဆဲဆိုကြိမ်းမောင်းပြီး သေနတ်ထောင်ဖောက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။