ဇူလိုင် ၂၉ ရက်နေ့ မနက်ပိုင်းက ဧရာဝတီတိုင်း၊ ပုသိမ်မြို့တစ်ဖက်ကမ်း သင်္ဘောကျင်းရဲစခန်းရှေ့ဗုံးပေါက်တာနဲ့ ပတ်သက်ပြီး အသက်မပြည့်သေးသူအပါအဝင် အမျိုးသား ၂ ဦးကို အဲဒီနေ့ည ၁၀ နာရီလောက်မှာ ဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ဒီတိုင်းအရပ်ဝတ်တွေနဲ့ သေနတ်တွေယူလာပြီး အိမ်ကိုဝိုင်းတာ၊ တစ်ယောက်က အသက် ၂၉ လောက်ရှိမယ်၊ ကျန်တဲ့တစ်ယောက်က ၁၆ နှစ်မပြည့်သေးဘူးကြားတယ်။ အိမ်ကို အယောက် ၃၀ လောက်ဝိုင်းပြီး တက်ဆွဲသွားတာ'' လို့ ဒေသခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားသူ ၂ ဦးကို ဘယ်ကိုခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို ခုချိန်ထိလည်း အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ဖမ်းဆီးခံရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်ထိရှိလာပြီလို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဇူလိုင်လ ၂၇ ရက်နေ့က အကျဥ်းထောင်နဲ့ ရဲစခန်းတွေမှာ အမှုရင်ဆိုင်နေရဆဲ အချုပ်တရားခံ ၁၈၇ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်နေ့မတိုင်ခင် ခိုးမှု၊ လုယက်မှု၊ ပြည့်တန်ဆာမှု၊ လက်နက်မှုနဲ့ ဆေးမှုတွေအပါဝင် အခြားအမှုတွေကို အမှုပိတ်ပြန်လွှတ်ပေးမယ်လို့ ကြေညာခဲ့အပြီး ခုလိုပြန်လွှတ်ပေးခဲ့တာလို့ ပုသိမ် မြို့နယ်တရားရုံးက သတင်းထုတ်ပြန်ပါတယ်။
"ပြန်လွှတ်ပေးတာတော့ ဟုတ်တယ် လွှတ်မပေးခင် ၅ ရက်လောက်ကစပြီး အမှုပိတ်သိမ်းဖို့ အတွက် ရှေ့နေ့တွေကို တရားရုံးက ခေါ်တယ် အမှုပိတ်တယ် ပြီးတော့ မနေ့က ပြန်လွှတ်ပေး လိုက်တာ ထင်တယ်''လို့ ပုသိမ်မြို့နယ်တရားရုံးမှာ အမှုလိုက်ပေးနေတဲ့ ရှေ့နေတစ်ဦးက ပြောပါတယ်။
အမှုပိတ်သိမ်းပြီး ပြန်လွှတ်ပေးတဲ့အထဲမှာ ခိုးမှု ၄ မှု၊ သစ်တောဥပဒေနဲ့ ၄ မှု၊ လောင်းကစားမှု ၂၉ မှု၊ အရက်ပုန်းရောင်းမှု ၃ မှု၊ မူးယစ်ဆေးဝါးမှု ၁၀ မှု၊ လက်နက်မှု ၁၃ မှု၊ ပြည့်တန်ဆာမှု ၂ မှု၊ မှောင်ရိပ်ခိုမှု ၂ မှုနဲ့ ခြေချုပ်နဲ့ခံဝန်မှု ၁ မှုတို့ဖြစ်တယ်လို့ သိရပါတယ်။
ပြန်လွှတ်ပေးတဲ့သူတွေကိုတော့ အကျဥ်းထောင်ကပြန်လွှတ်ပေးတာရှိသလို ရဲစခန်း အချုပ်တွေကနေ ပြန်လွှတ်ပေးတာတွေလည်း ရှိတယ်လို့ ရှေ့နေတစ်ဦးကပြောပါတယ်။
အခုလိုပြန်လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပြန် မပါသေးတဲ့အပေါ်မှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။