ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ပုသိမ်-ချောင်းသာလမ်းမ မိုင်တိုင်အမှတ် ၂၉/၇ ဖာလုံနဲ့ မိုင်တိုင် ၃၀ ကြား၊ မျက်ရှကျေးရွာအနီးမှာ ဧပြီ ၅ ရက် မနက် ၈ နာရီလောက်က မီနီဘတ်စ်ကားတစီး လမ်းဘေးရှိ တောင်နံရံကို ဝင်တိုက်မိတာကြောင့် ယာဉ်ပေါ်ပါ ၁၉ ဦးအနက် ၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံပရဟိတအသင်းတွေက ပြောပါတယ်။
အဲဒီနေ့ မနက်အစောပိုင်းက လူ ၁၉ ဦးပါ မီနီဘတ်စ်ကားဟာ ချောင်းသာမြို့ကနေ ပုသိမ်မြို့ကို မောင်းလာတာဖြစ်ပြီး ပုသိမ်-ချောင်းသာလမ်းမ မျက်ရှကျေးရွာအနီးက လမ်းအကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တောင်နံရံကို ဝင်တိုက်မိတာပါ။
ချောင်းသာအခြေစိုက် လူမှုကူညီရေးအသင်းဝင်တယောက် “ချောင်းသာလာပြီး အဲ့မနက်က ပြန်ကြတာလို့ ပြောတယ်။ ကား မျက်ရှရွာအနီးက လမ်းကွေ့မှာ မြေကြီးကိုဝင်တိုက်တာပါ။ တုံးလုံးလဲနေတယ်။ အမျိုးသားတဦး ကားအောက်ပိနေလို့ မီးသတ်တပ်ဖွဲ့က လာမှ ဆွဲထုတ်ရတယ်။ လူနာက ၁၇ ဦးရှိတယ်။ ၁၄ ဦးက ချောင်းသာတိုက်နယ်ဆေးရုံ၊ စိုးရိမ်ရ ၃ ဦးက ပုသိမ်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်” လို့ ဆိုပါတယ်။
ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း ကျား ၁ ဦး၊ ခရီးသည် မ ၂ ဦးမှာ စိုးရိမ်ရဒဏ်ရာ၊ ကျန် ၁၄ ဦးမှာ မစိုးရိမ်ရဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် ခရီးသည်အမျိုးသား ၁ ဦး ကားအောက်ပိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယာဉ်တိမ်းမှောက်တဲ့နေရာကို ချောင်းသာမြို့ မီးသတ်ဌာနနဲ့ မြို့ခံပရဟိတအသင်းတွေ ကယ်ဆယ်ရေး လုပ်ဆောင်ခဲ့ကြပြီး လူနာတွေကို ချောင်းသာဆေးရုံနဲ့ ပုသိမ်ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ပုသိမ်-ချောင်းသာ လမ်းမပေါ်မှာ ယာဉ်တိုက်မှု ၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။
ရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ ဒီဇင်ဘာလ ဒုတိယပတ်ကစတင်ပြီး ပုသိမ်-ချောင်းသာ ကားလမ်း ဘေးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်သားတွေက အဓမ္မလုပ်အားပေး ပစ္စည်းထမ်းလမ်းပြခိုင်းဖို့ ပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုသိမ်-ချောင်းသာ ကားလမ်းဘေးမှာရှိတဲ့ တောတွေထဲမှာ PDF တပ်ဖွဲ့ဝင်တွေ ရှိတယ်သတင်းကြောင့် လာရှာချိန်မှာ ဒေသခံပြည်သူတွေကို ပေါ်တာဆွဲပြီး လမ်းပြလုပ်ခိုင်းတာလို့ ဒေသခံတွေက ပြောပါတယ်။
“လမ်းပြလုပ်ခိုင်းတာ၊ သူတို့က ဒီဘက်ကို မကျွမ်းတဲ့ပုံရတယ်။ ဘယ်ရွာတွေက ပါသွားလဲဆိုတော့ ဥတိုရွာ၊ မြစ်ရှုကျေးရွာ၊ ဆင်ကူးတောင်ကျေးရွာ အဲ့ဘက်က တောခုတ်တဲ့သူ တော်တော်ပါးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ရှာဖွေဖို့အတွက် သူတို့တပ်စွဲ ထားတဲ့ ကားလမ်းဘေး ကျေးရွာတွေက တောခုတ်တဲ့သူနဲ့ မုဆိုးလိုက်တဲ့သူတွေအပါဝင် တရွာကို ၃၀ လောက် ပေါ်တာ ခေါ်သွားလေ့ရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ်လမ်းကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက အင်အားအများအပြားနဲ့ ကားလမ်းဘေးကကျေးရွာတွေကို ဝင်ရောက်တပ်စွဲပြီး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေကို တောနင်းရှာဖွေတာတွေ ပြုလုပ်လာတာလို့ သိရပါတယ်။